Breaking

ငလျင်ဘေးဒဏ်ခံ အီရှီကာဝါပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံသားများထံ မြန်မာသံအမတ်ကြီး သွားရောက်တွေ့ဆုံ

၂၀၂၄ ၊ ဇန်နဝါရီ ၃၁
    ဇန်နဝါရီလ ၁ ရက်က ပြင်းအား ၇ ဒသမ ၆ အဆင့်ရှိ မြေငလျင်ကြီး လှုပ်ခတ်ခဲ့သည့် အီရှီကာဝါပြည်နယ်အတွင်း နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာနိုင်ငံသားများအား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
    သံအမတ်ကြီးသည် အီရှီကာဝါ ပြည်နယ် ရှီကာမြို့(Shika)သို့ သွားရောက်ကာ ရှီကာမြို့အတွင်းရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားအမျိုးသမီး ၁၂ ဦးအား သွားရောက်တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် သံအမတ်ကြီးမှ အင်အားပြင်းထန်သည့် ငလျင်ကြီးလှုပ်ခတ်စဉ်အတွင်း မြန်မာနိုင်ငံသားများ အသက်ဆုံးရှုံးမှု၊ ထိခိုက်ဒဏ် ရာရရှိမှုများ မရှိခဲ့သည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ငလျင်လှုပ်ခတ်စဉ်အတွင်း မြန်မာနိုင်ငံသားအချင်းချင်း ညှိနှိုင်းတိုင်ပင်၍ အခက်အခဲများ အတူတကွ ရင်ဆိုင်ခဲ့ကြသည်ကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ အဆိုပါ အချိန်တွင် မည်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက်ရမည်ကို ကူညီပြောကြားပေးသည့် ဒေသခံဂျပန်နိုင်ငံသားများကိုလည်း ကျေးဇူးတင်ရှိ ရမည်ဖြစ်ပါကြောင်း ပြောကြားပြီး ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများ၊ သောက်ရေသန့်များ၊ ဆေးဝါးများအား လှူဒါန်းခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသား အမျိုးသမီး ၁၂ ဦး အလုပ်လုပ်ကိုင်နေကြသည့် ရှီကာမြို့ရှိ လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုကြီးကြီးမားမားမရှိသဖြင့် ဆက်လက်လည်ပတ်သွားရန်ရှိကြောင်း သိရသည်။
    ဆက်လက်၍ သံအမတ်ကြီးသည် အီရှီကာဝါပြည်နယ် ကာနာဇာဝါမြို့ (Kanazawa) သို့သွား ရောက်ကာနာနာအိုမြို့ (Nanao)ရှိ အစားအသောက်ပြင်ဆင်ထုတ်လုပ်ရေး စက်ရုံတွင် အလုပ်လုပ်ကိုင် ကြသည့် မြန်မာနိုင်ငံသား အမျိုးသမီး ၁၆ ဦးအား သွားရောက် တွေ့ဆုံခဲ့သည်။ မြန်မာနိုင်ငံသား အမျိုးသမီး ၁၆ ဦး အလုပ်လုပ်ကိုင်နေကြသည့် နာနာအိုမြို့ရှိ အစားအသောက် ပြင်ဆင်ထုတ်လုပ်ရေး စက်ရုံမှာ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိသော်လည်း နာနာအိုမြို့မှာ ရေပြန်လည်မရရှိသေးသဖြင့် စက်ရုံအားလောလောဆယ်ရပ် နားထားရကာ ၎င်းင်းတို့နေထိုင်သော နေအိမ် အချို့မှာလည်း ထိခိုက်ပျက်စီးမှု ရှိခဲ့သဖြင့် အဆိုပါ ၁၆ ဦးအား လက်ရှိတွင် ကာနာဇာဝါ မြို့တွင် နေရာချထားကြောင်း သိရသည်။ 
    သံအမတ်ကြီးက လက်ရှိအချိန်မှာ ဆောင်းတွင်းကာလဖြစ်ပြီး ရှီကာမြို့နှင့် ကာနာဇာဝါမြို့ တို့မှာ ဆီးနှင်းများကျရောက် လျက်ရှိသဖြင့် ကျန်းမာရေးအထူးဂရုပြု၍ နေထိုင်ကြရန်နှင့် အစားအသောက်နှင့်ဆေးဝါးများလည်း ထပ်မံပေးပို့သွားမည်ဖြစ်ပြီး ရှီကာမြို့နှင့် ကာနာဇာဝါမြို့အပြင် ငလျင်ဒဏ်ခံစားခဲ့ရသည့် အီရှီကာဝါပြည်နယ်အတွင်းရှိ အခြားမြို့များအတွင်း နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ ရှိ/မရှိ မြန်မာသံရုံးအနေဖြင့် ဆက်လက်စုံစမ်းသွား မည်ဖြစ်ပြီး အခက်အခဲရှိနေသူများအား လိုအပ်သည်များ ကူညီပေးသွားမည်ဖြစ်သဖြင့် သိရှိသူများရှိပါကလည်း မြန်မာသံရုံးသို့ ဆက်သွယ်အသိပေးနိုင်ပါကြောင်း ထုတ်ပြန်ထားသည်။

Total Views ~ 193

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43973

© 2022 - 2025 News. All Rights Reserved.