ရန်ကုန်၊ ဇွန် ၁၈
ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် ဖော်ဆောင်ကြရန် လိုအပ်နေသည့်အတွက် နိုင်ငံတော်တွင် နိုင်ငံရေးဆွေးနွေးစေ့စပ်ဖြေရှင်းရန် လိုလားကြောင်း ကချင်ပြည်နယ် အထူးဒေသ (၁) ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ပြောသည်။
ကချင်ပြည်နယ် အထူးဒေသ (၁) ထာဝရ ငြိမ်းချမ်းရေးအဖွဲ့ချုပ်၊ ပန်ဝါဗဟိုဌာနချုပ်က ဇွန် ၁၄ ရက်တွင် ထုတ်ပြန်ထားသော ကြေညာချက်တစ်စောင်တွင် "အဓိကကတော့ နိုင်ငံတော်မှာ နိုင်ငံရေး ဆွေးနွေး စေ့စပ်ဖြေရှင်းဖို့ လိုတယ်။ ဥပဒေတစ်ခု ဘောင်အတွင်းမှာ ကျွန်တော်တို့ ရှင်သန်ဖို့ လိုတယ်ဆိုပြီးမှ ဆွေးနွေးဖို့တွေလိုပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို မဖြစ်ဖြစ်အောင် ဖော်ဆောင်ပေးဖို့၊ ဖော်ဆောင်ကြဖို့ ကျွန်တော်တို့အနေနဲ့ လိုလားပါတယ်"ဟု ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ပြောကြား ထားသည်။
ကချင်ပြည်နယ် ပူတာအို၊ ချီဖွေ၊ မြစ်ကြီးနား၊ ဗန်းမော်ဘက်တို့တွင် KIA နှင့် ပူးပေါင်းတပ်တို့က အစိုးရတပ်စခန်းများကို တိုက်ခိုက်လာသည့် အတွက်ကြောင့် နိုင်ငံတော်တွင် ထိခိုက်မှုတွေ၊ ဆုံးရှုံးမှုတွေဖြစ်စေပြီး တပ်မတော်လည်း ထိခိုက်နစ်နာကြောင်း၊ အလားတူစွာ စစ်ပွဲဖော်ဆောင်တဲ့အ တွက်ကြောင့် တစ်ဖက်က KIA နှင့် ပူးပေါင်းတပ်ဖွဲ့ကလည်း ထိခိုက်မှုတွေ၊ သေကျေဆုံးရှုံးမှုများ မုချရှိ မည်ဖြစ်ကြောင်း ထည့်သွင်းပြော ကြားထားသည်။
ထို တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူလူထုများအနေဖြင့် ၎င်းတို့၏ အိုးအိမ်များကို စွန့်ခွာရကာ၊ သားပျောက်၊ သမီးပျောက်၊ လင်ပျောက်၊ မယားပျောက်၊ မိဘပျောက်၊ အိုးအိမ်ပျောက်၊ အင်မ တန်ကြီးမားသည့် ဒုက္ခတွေကို ကျရောက်စေသည့်အတွက် စိတ်မကောင်းဖြစ်မိသည်ဟု ဥက္ကဋ္ဌ ဦးဇခုန် တိန့်ယိန်းက ပြောကြားထားပြီး "နိုင်ငံတော် အစိုးရကို ဆန့်ကျင်တိုက်ခိုက်တဲ့ တိုက်ပွဲတွေ ဘယ်မှာတိုက်နေလဲ၊ ကိုယ့်နိုင်ငံထဲမှာ ပဲ၊ ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်ပြည်သူအချင်းချင်းကြားမှာဖြစ်နေတဲ့ တိုက်ပွဲကို ရပ်ပေးကြပါ။ မိမိတို့နိုင်ငံ၊ မိမိတို့ပြည်သူတွေကို အကာအကွယ်ပေးကြပါ။ ပြည်သူတို့ရဲ့ ဘဝ၊ ပြည်သူတို့ရဲ့ ဒုက္ခတွေကို အမြန်ဆုံးငြိမ်းချမ်းမှုနဲ့ ကုစားနိုင်မှ ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့ ပြည်သူ တွေ၊ အဖွဲ့များ အားလုံးအတွက် အကျိုးသက်ရောက်မယ်၊ အကျိုးရှိမယ်။ တိုက်သာတိုက်နေရင်တော့ တိုင်းပြည်နစ်နာမယ်။ ဘယ်အဖွဲ့မဆို နစ်နာမယ်။ ဆုံးရှုံးမယ်"ဟု ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် တစ်ချိန်တည်းတွင် လက်ရှိအခြေအနေမှာ "တောမီးလောင်၊ တောကြောင် လက်ခမောင်းခတ်"ဆိုသလို မြန်မာနိုင်ငံ၊ မြန်မာလူမျိုး၊ မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သည့် တိုင်းရင်းသား ပြည်သူများ ပျက်စီးအောင်၊ တိုင်းပြည်ပျက်စီးအောင်၊ လူမျိုးထိခိုက် ဆုံးရှုံးအောင်လုပ်မည့် တိုင်းတစ်ပါး ပယောဂများ အလိုအလျောက် ဝင်ရောက် လာမည်ဖြစ်ပြီး တိုင်းပြည်ကို အမုန်းတရားဖြစ်နေသူများ အတွက် လမ်းခင်းပေးသလိုဖြစ်စေမည်ဟုလည်း ၎င်းက ထောက်ပြခဲ့သည်။
"ဒါကြောင့်မို့လို့ မိမိတို့ဘာသာ မိမိတို့ ရွေးချယ်သင့်တာက စစ်ပွဲကိုရပ်ပစ်ရန်၊ နောက်ပြီးမှ နိုင်ငံတော်ငြိမ်းချမ်းသွားရင် ကျွန်တော်တို့ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ပြည်သူတွေရဲ့ အနာဂတ်ဘဝကို ကောင်းအောင် ကျွန်တော်တို့ ဆောင်ကြဉ်း ပေးနိုင်မယ်"ဟု ဥက္ကဋ္ဌဦးဇခုန်တိန့်ယိန်း က ဆက်ပြောသည်။
ကချင်ပြည်နယ် ငြိမ်းချမ်းရေးနယ် မြေဒေသဖြစ်သည့် ဆော့လော်၊ ချီဖွေ၊ ဝိုင်းမော်၊ ဆဒုံး ဧရိ ယာဆိုသည်မှာ နှစ်ပေါင်း ၃၀ ကျော် နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်နှင့် ငြိမ်းချမ်းမှုရယူပြီးမှ ကိုယ့် ပြည်သူများ၏ ဘဝကို ပညာရေး၊ ကျန်းမာရေး၊ အဘက်ဘက်ကို တိုးတက်အောင် တည်ဆောက်နေ သည့် နေရာကို ပြန်လည်ပျက်စီးသွားမည်ကို အားလုံးက မလိုလားကြောင်း၊ ထိုနေရာ ဒေသများ ဖွံ့ဖြိုး တိုးတက်ခြင်းများမှာ ကချင်ပြည်နယ်သူ ပြည်နယ်သား၊ မြန်မာနိုင်ငံ ပြည်သူ ပြည်သား အားလုံး၏ အကျိုးကို ဖြစ်စေကြောင်း၊ နယ်မြေဒေသတစ်ခု၏ ဖွံ့ဖြိုးမှုနှင့် ငြိမ်းချမ်းမှုကို ဖျက်ဆီးခြင်းသည် တစ်တိုင်း ပြည်လုံး၏ တိုက်သည့်ဘက်ရော၊ အတိုက်ခံရသည့်ဘက်ပါ ထိခိုက်နစ်နာ ဆုံး ရှုံးစေကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် စစ်ပွဲကို မလိုလားမထောက်ခံသလို ဒေသခံ ပြည်သူများအနေဖြင့်လည်း စစ်ပွဲကို မလိုလားကြောင်း တင်ပြပြီးသားဖြစ်၍ ပြည်သူ ပြည်သားများ၏ ဆန္ဒကို အလွန်တန်ဖိုးထား အလွန်လေးစားသည့်အတွက် ၎င်းတို့၏ ဆန္ဒကို အကောင်အထည်ဖော်ပေးရန် လိုလားကြောင်း ကချင် ပြည်နယ် အထူးဒေသ (၁)ဥက္ကဋ္ဌဦးဇခုန်တိန့်ယိန်းက ထည့်သွင်း ပြောကြားခဲ့သည်။