၂၀၂၄ ၊ ဇန်နဝါရီ ၁၀
မြန်မာကျပ်ငွေ သန်း ၄၀၀ နီးပါး အကုန်အကျခံ တည်ဆောက်ခဲ့သည့် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ပြည်သူ့ဆေးရုံကြီး၊ ငါးထပ်ကုသဆောင်သစ်အား ဇန်နဝါရီ ၅ ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
စီမံကိန်းအား ၂၀၁၉ ခုနှစ်တွင် စတင်ဆောက်လုပ်ကာ ၂၀၂၃ ခုနှစ် မတ်လတွင် လုပ်ငန်းများပြီးစီးခဲ့ပြီး စုစုပေါင်း စီမံကိန်းတန်ဖိုး ငွေကျပ် ၃၈၈ ဒသမ ၃၀၄ သန်း ကုန်ကျခဲ့ကြောင်း သိရသည်။
ကုသဆောင်အတွင်း အရေးပေါ် ဌာန၊ သွားနှင့်ခံတွင်းဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲဌာန၊ မွေးကင်းစကလေး ကုသဌာန၊ ခွဲစိတ်ခန်း နှစ်ခန်း၊ မွေးဖွားခန်း၊ ဆေးပေးခန်း၊ လူနာဆောင်၊ ရုံးခန်းနှင့် ဆေးစတိုခန်းများ စသည်ဖြင့် စီစဉ်ဆောင်ရွက်ထားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ကုသရေးဦး စီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ပဲခူးတိုင်းဒေသကြီးတွင် ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး နှစ်ရုံအပါအဝင် ဆေးရုံပေါင်း ၁၁၂ ရုံ ဖွင့်လှစ်ထားပြီး လူနာ ခုတင် ၃၆၆၂ ခုတင်အထိ လက်ခံကုသပေး နိုင်ကာ ယခုဖွင့်လှစ်သည့် ငါးထပ်ကုသဆောင် သစ်အပြင် ပန်းတောင်းမြို့၊ လက်ပံတန်းမြို့၊ ကြို့ပင်ကောက်မြို့နှင့် နတ်တလင်းမြို့ စသည့် တို့တွင်လည်း ကုသဆောင်သစ်များ ထပ်မံဖွင့် လှစ်မည်ဖြစ်ကြောင်း သိရသည်။