Breaking

ငွေစက္ကူအတုများကို အိမ်အရောက်၊ လူတွေ့၊ ငွေကြိုလွှဲ ကားဂိတ်တင်ပုံစံများဖြင့် ရောင်းချလာ၍ ဖမ်းဆီးနိုင်ရေး ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေ

ရန်ကုန်၊ မေ ၇
    လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် ငွေစက္ကူအတုရောင်းဝယ် သူများ၏ အကောင့်များအပြင် Group များပါ ထွက်ပေါ်ခဲ့သလို ငွေစက္ကူရောင်းဝယ်သူများက အိမ်အရောက် ငွေချေခြင်း၊ လူတွေ့ငွေချေခြင်း၊ ငွေကြိုလွှဲပြီး ကားဂိတ်တင်ပေးသော ပုံစံအမျိုးမျိုးဖြင့် လုပ်ဆောင်ကြကြောင်း ပြောဆိုရေးသားခြင်းများ တွေ့ရှိရ၍ ဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနနှင့် သတင်းပေးပို့ ပူးပေါင်းဆောင်ရွက်နေကြောင်း နစကသတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
    မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၁ တွင် "မည်သူမျှ ဗဟိုဘဏ်က ထုတ်ဝေသော ငွေစက္ကူ၊ ဒင်္ဂါးနှင့် လွှဲပြောင်းနိုင်သော စာချုပ်စာတမ်း တစ်မျိုးမျိုးကို အတုမှန်းသိလျက်နှင့် သုံးစွဲခြင်း မပြုလုပ်ရ"ဟု ပါရှိပြီး ၎င်းင်းတားမြစ်ချက်အား ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ပုဒ်မ ၁၀၅ အရ ငွေဒဏ်ဖြစ်စေ၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။
    အတုမှန်းသိလျက် သုံးစွဲခြင်းမဖြစ် စေရန်၊ အတု၊ အစစ်စိစစ်ခွဲခြားနိုင်ရန်အတွက် ငွေစက္ကူ စတင်ထုတ်ဝေမှု ပြုစဉ်ကပင် ယင်းငွေစက္ကူနှင့် ပတ်သက်သော လုံခြုံရေး အချက်အလက်များကို TV သတင်း၊ သတင်းစာနှင့် ဘဏ်များမှတစ်ဆင့် ကျယ်ကျယ်ပြန့် ပြန့် ကြေညာဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍ ငွေစက္ကူနဲ့ပတ်သက်သော လုံခြုံရေး အချက်အလက်များ၊ သွင်ပြင်လက္ခဏာများကို TV၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် Website ၊ သတင်းစာတွေမှာ ထုတ်ပြန်ပေးထားကြောင်း သိရသည်။
    စာရင်းများအရ ၂၀၁၉ ခုနှစ်တွင် ကိုးကြိမ်၊ ၂၀၂၀ ပြည့်နှစ်တွင် ၁၁ ကြိမ်၊ ၂၀၂၁ ခုနှစ်တွင် ၁၅ ကြိမ်၊ ၂၀၂၂ ခုနှစ် တွင် ၉၆ ကြိမ်၊ ၂၀၂၃ ခုနှစ်တွင် ၄၁ ကြိမ် ဖော်ထုတ်ဖမ်းဆီး အရေးယူ ဆောင်ရွက်ထားကြောင်း သိရပြီး။ မတော်လောဘရှိသူများ၊ ကိုယ်ကျိုးရှာသူများကြောင့် ငွေစက္ကူအတုများကို အကြောင်းအမျိုးမျိုးဖြင့် လက်ခံရရှိ သူများအနေဖြင့် နစ်နာမှုများဖြစ်ကြရပြီး ဥပဒေအရ အရေးယူခံရမှုများရှိနိုင်ကြောင်း အသိပေးထားသည်။
    ပြည်သူများအနေဖြင့် ငွေစက္ကူ အတုလက်ဝယ် လက်ခံရရှိပြီး နစ်နာဆုံးရှုံးမှု မဖြစ်စေရန်၊ ငွေစက္ကူအစစ်များကြားတွင် ညှပ်ထည့်ခြင်း၊ ရောနှောသုံးစွဲခြင်းများကို စိစစ်နိုင်စေရန်အတွက် ငွေစက္ကူ အတု၊ အစစ်ခွဲခြားနိုင်သော အချက်အလက်များကို ကိုယ်တိုင်သိရှိပြီး စစ်ဆေးဆောင်ရွက်ကြရန် နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

Total Views ~ 195

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43927

© 2022 - 2025 News. All Rights Reserved.