၂၀၂၃၊ ဒီဇင်ဘာ ၁၃
စက်သုံးဆီ အရောင်းဆိုင်များတွင် တန်းစီဝယ်ယူပြီး ပြင်ပတွင် ဈေးနှုန်းမြှင့်ကာ လိုင်စင်မဲ့ ပြန်လည်ရောင်းချနေသူများကို ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်းနှင့် စက်သုံးဆီ အရောင်းဆိုင်များတွင် CNG Taxi ယာဉ်များ အခြားနည်း အသုံးပြုရန် စက်သုံးဆီ တန်းစီဝယ်ယူနေခြင်းကြောင့် CNG ယာဉ်များကို စက်သုံးဆီလုံးဝမရောင်းချရန် စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်း လုပ်ငန်းကြီး ကြပ်ရေးကော်မတီမှ သိရသည်။
ရန်ကုန်မြို့ စက်သုံးဆီအရောင်းဆိုင်ကြီးများတွင် တန်းစီစောင့်ဆိုင်းဝယ်ယူပြီး ရပ်ကွက်များအတွင်း လိုင်စင်မဲ့ပြန်လည် ရောင်းချနေကာ မြို့နယ်အလိုက် ဓာတ်ဆီတစ်လီတာလျှင် ကျပ် ၄၀၀၀ မှ ကျပ် ၅၀၀၀ ဝန်းကျင်အထိ ပြန်လည်ဝယ်ယူမှုများ ရှိနေကြောင်း သိရသည်။
၂၀၁၇ ခုနှစ် ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၀ အရ စက်သုံးဆီများကို လိုင်စင်မဲ့ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်းများ စစ်ဆေး တွေ့ရှိပါက အနည်းဆုံး ငွေဒဏ်ကျပ်သုံးသိန်းမှ အများဆုံး ကျပ်သိန်း ၅၀ အထိဖြစ်စေ၊ တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာမကုန်မီ ပြည်ပမှ သင်္ဘော ၂၇ စင်းထပ်မံ တင်သွင်းရန် Supp-liers များနှင့် ညှိနှိုင်းထားသဖြင့် စက်သုံးဆီ ပြတ်လပ်နေပြီဆိုသည့် ကောလာဟလ သတင်းများသည် မဟုတ်မှန်ကြောင်း စက်သုံးဆီတင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ် ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန် ထားသည်။
တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဒီဇင်ဘာ ၁ ရက်မှ ၈ ရက်အထိ အောက်တိန်း ၉၂ ဂါလန် ခြောက်သန်း ခုနစ် သိန်းနီးပါး၊ အောက်တိန်း ၉၅ ဂါလန်တစ် သန်း ခုနစ်သိန်းဝန်းကျင်၊ ရိုးရိုးဒီဇယ်ဂါလန် ခြောက်သန်းကျော်၊ ပရီမီယံဒီဇယ်ဂါလန် ခုနစ်သန်း တစ်သိန်းကျော် ဖြန့်ဖြူးပေးခဲ့ကြောင်း သိရသည်။