ရန်ကုန်၊ စက်တင်ဘာ ၄
ရန်ကုန်မြို့တွင် မြန်မာစာပေသမိုင်းကို လေ့လာနိုင်မည့် စာဆိုဗိမာန် (SarsoBeikman) အဆောက်အအုံနှင့် ဆက်စပ်လုပ်ငန်းများ တည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူခဲ့ရာ ကျပ်သန်းပေါင်း ၇၉၀၀ ကျော်ဖြင့် Myanmar Land & Development ကုမ္ပဏီ တင်ဒါအောင်မြင်ခဲ့ကြောင်း စာဆိုဗိမာန်တည် ဆောက်ရေး တင်ဒါကော်မတီမှ အသိပေးထုတ်ပြန်ခဲ့သည်။
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံအစိုးရအကူအညီဖြင့် ဆောင်ရွက်မည့် စာဆိုဗိမာန် (Sarso Beikman) RCသုံးထပ် (အလျား ပေ ၁၆၀ x အနံပေ ၁၄၀) အဆောက်အအုံ တည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများအတွက် စာဆိုဗိမာန်တည် ဆောက်ရေးတင်ဒါကော်မတီမှ သြဂုတ် ၂၁ ရက် နံနက် ၁၀ နာရီတွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် Myanmar Land & Devel-opment Co.,Ltd အမည်အား ကျပ်သန်းပေါင်း ၇၉၁၈ ဒသမ ၈၃၃ ဈေးနှုန်းဖြင့် တင်ဒါအောင်မြင်ကြောင်းကို သြဂုတ် ၂၈ ရက်တွင် ကျင်းပခဲ့သည့် ပြန်ကြားရေး ဝန် ကြီးဌာန စီမံခန့်ခွဲရေးကော်မတီအစည်း အဝေးအမှတ်စဉ် (၁၅/၂၀၂၄)၏ ခွင့်ပြုချက်အရ တင်ဒါကော်မတီက ကြေညာခဲ့သည်။
စာဆိုဗိမာန် RC သုံးထပ် အဆောက်အအုံ တည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများအတွက် Option A တန်ဖိုး ကျပ်သန်း ၇၅၅၁ ဒသမ ၁၀၀ (အားလုံး)နှင့် Option B တန်ဖိုး ကျပ်သန်း ၃၆၇ ဒသမ ၇၃၃ (ထပ်တိုးလုပ်ငန်း သုံးမျိုး) စုစုပေါင်း ကျပ်သန်းပေါင်း ၇၉၁၈ ဒသမ ၈၃၃ ဖြင့် ယင်းကုမ္ပဏီက တင်ဒါအောင် မြင်ခဲ့ပြီး Option(B) လုပ်ငန်းတွင် ကွန်ကရစ်လမ်းခင်းခြင်း၊ ခြံစည်းရိုးခတ်ခြင်း၊ ခြောက်ခန်း တွဲ အများသုံးသန့်စင်ခန်း စသည့် ထပ်တိုးလုပ် ငန်းသုံးမျိုး ပါဝင်ကြောင်း စာဆိုဗိမာန်တည်ဆောက်ရေး တင်ဒါကော်မတီမှ အသိပေး ထုတ်ပြန်ခဲ့သည်။ စာဆိုဗိမာန်ကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ မြေတိုင်းရပ်ကွက်အမှတ် (18-A)၊ မြေကွက်အမှတ်(၂၉)၊ မြေဧရိယာ ၂ဒ သမ ၁၈ ဧကပေါ်၌ ဆောက်လုပ်မည် ဖြစ်သည်။ အဆိုပါ စာဆိုဗိမာန်အတွင်း မြန်မာ့စာပေသမိုင်းကို လေ့လာနိုင်မည့် ပေ၊ ပုရပိုက်မှစပြီး စာပေဆိုင်ရာပစ္စည်းများ၊ စာရေး ဆရာကြီးများ၏ လက်ရေးမူများ၊ ဓာတ်ပုံနှင့် အတ္ထုပ္ပတ္တိများ၊ ရှားပါးစာအုပ်များ၊ စာပေဆုတံဆိပ်များ၊ ပုံနှိပ်သမိုင်းတွင် ခေတ်အဆက်ဆက် အသုံးပြုခဲ့ပြီး အဆင့်ဆင့် ခေတ်မီပြောင်းလဲလာသည့် ပုံနှိပ်စက်အမျိုးမျိုး၏ သမိုင်းဝင်ပစ္စည်းများကို ပြခန်းတစ် ခန်းအနေဖြင့် ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းက ရန်ကုန်မြို့ LOTTE ဟိုတယ်တွင် မတ်လ ၁၈ ရက်က ပြုလုပ်ခဲ့သည့် ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာနနှင့် အိန္ဒိယနိုင်ငံ အစိုးရတို့ကြား စာဆိုဗိမာန် တည်ဆောက်ခြင်းစီမံကိန်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးခြင်း အခမ်းအနား တွင် ပြောကြားထားသည်။ နဒီ