ရန်ကုန်၊ နိုဝင်ဘာ ၁၃
'စာရိတ္တ' ရုပ်ရှင်ဇာတ်ကားကြီး၏ နောက်ဆက်တွဲ 'စာရိတ္တ(၂)' ရုပ်ရှင်ဇာတ်ကားကြီး Media Press Show ကို ရန်ကုန်မြို့ ရွှေတိဂုံဘုရားတောင်ဘက်မုခ် HappyWorld ဝင်းရှိ The Rays Studio မှာ ပြုလုပ်ခဲ့ကာ နိုဝင်ဘာ ၁၅ ရက်တွင် မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ပြသတော့မည် ဖြစ်ကြောင်း သိရသည်။
ရုပ်ရှင်ဇာတ်ကားကြီးနှင့်ပတ်သက်၍ ဒါရိုက်တာ စိုးမိုးမင်းက "ရှေ့မှာ အောင်မြင်ပြီးသား ဇာတ်ကားမို့ ကျွန်တော်တို့တွေ သရုပ်ဆောင်ရတာ တာဝန်လည်း ကြီးပါတယ်။ အကုန်လုံးလည်း သေချာအားစိုက်ပြီး ကြိုးစားရိုက်ကူးထားကြတယ်။ ဇာတ်ကားရဲ့ဇာတ်ကို အကောင်းဆုံး ဖန်တီးထားပါ တယ်။ ကြည့်ရတဲ့ ပရိသတ်တွေလည်း အကြိုက်တွေ့စေမှာပါ။ အားပေးကြပါဦးလို့ ပြောချင်ပါတယ်" ဟု ပြောကြားခဲ့သည်။
စာရိတ္တ(၂) ရုပ်ရှင်ဇာတ်ကားကြီးတွင် အနုပညာရှင် အကယ်ဒမီ နေဝင်း၊ မင်းဘုန်းမြတ်၊ ချာလီ၊ ကောင်းမြတ်စံ၊ တေဇလင်းရောင်၊ အကယ်ဒမီ မေမြင့်မိုရ်၊ ထွန်းပုလဲရတနာ၊ ဝေလာရီ၊ ဥသြသံသာ စသည်တို့မှ ပါဝင်သရုပ်ဆောင်ထားကာ၊ စာရိတ္တ ရုပ်ရှင်ဇာတ်ကားကြီးသည် ပရိသတ်ကြိုက် နှစ်သက်ကာ အောင်မြင်မှုများစွာ ရှိခဲ့သည်။
အကယ်ဒမီ နေဝင်းက "ကျွန်တော်တို့တွေ ဒီကားအတွက် ပင်ပန်းမှုကတော့ (၁) ထက် ပိုပါတယ်။ မတူတာတွေက ရုံတင်တဲ့ အခါကြရင် ကြည့်ကြည့်ပါလို့ ပြောချင်ပါတယ်။ မကြာခင် CANAL+ မှာလည်း စာရိတ္တ(၁) ရုပ်ရှင်ဇာတ်ကားကြီး ပြန်လည် ထုတ်လွှင့်ပြသမှာပါ။ ကျွန်တော်တို့ရဲ့ ရှေ့က စာရိတ္တကို ကြည့်ထားမှ အခုပြမယ့် (၂)နဲ့က အဆက်အစပ်ရှိမှာပါ။ နို့မို့ဆို ကြည့်ရတဲ့သူ တွေက ဇာတ်ရည်လည်မှာ မဟုတ်ပါဘူးလို့ ကြိုပြောချင်ပါတယ်။ ကျွန်တော်က သီချင်းပဲလုပ်လုပ်၊ အခု ကျွန်တော်ရိုက်ကူးရေးဘက်ကို ရောက်လာတော့ ရိုက်ကူးရေးပဲလုပ်လုပ် ပတ်ဝန်းကျင်တော့ ကျွန်တော့် ခေါင်းထဲမှာ သိပ်မရှိဘူး။ ဒီဆိုရှယ်မီဒီယာမှာဆိုလည်း မြင်တော့ မြင်တာပေါ့လေ။ ဒါပေမဲ့ ဒါတွေကို သိပ်မခံစားဘူး။ ကိုယ်လုပ်စရာရှိတာကိုပဲ ကိုယ့်ဟာကိုယ် သေသေချာချာတော့ လုပ်ဖြစ်ပါတယ်။ အဓိကကတော့ ကိုယ်လုပ်တဲ့ အလုပ်ကောင်းအောင် ကိုယ့်မှာဘာတွေ လို အပ်နေလဲ၊ အမှားတွေရှိရင် ပြင်ဖို့တွေ။ တစ်ချိန်လုံးတော့ ဒါကိုတစ်ချိန်လုံး Focus လုပ်နေတယ်။ ကိုယ်အကောင်းဆုံး ဘယ်လိုလုပ် နိုင်မလဲ။ နည်းနည်းလေ့လာရင်းမသိတာလေးတွေမေး ဒါရိုက်တာနဲ့ တိုင်ပင်ပြီးတော့ လုပ်ထားတာတော့ အများကြီး ရှိပါတယ်။ ထွက်လာရင်တော့ အဲဒီလိုပဲ ဝေဖန်ပေးပါဦး။ သုံးသပ်ပေးပါဦးလို့ ပြောစရာရှိရင် ပြောပေးပါဦး"ဟုပြောကြားခဲ့သည်။
'စာရိတ္တ' ရုပ်ရှင်ဇာတ်ကားတွင် နေဝင်းသည် အလွှာမတူညီသည့် သူငယ်ချင်းများထဲမှာ တစ်ယောက်နှင့်တစ်ယောက် အနစ်နာခံကာ သံယောဇဉ်ကြီးသူ မျိုးကျော်အဖြစ် ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။ သက်မှူး