ရန်ကုန်၊ သြဂုတ် ၂၉
စားသုံးဆီ ဖြန့်ဖြူးရောင်းချရာတွင် ပွင့်လင်းမြင်သာမှု ရှိစေရန် စားသုံးဆီဈေး နှုန်း တည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ကို သြ ဂုတ်လ ၂၈ ရက်တွင် ဖွဲ့စည်းလိုက်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် များအသင်းမှ ထုတ်ပြန်ထားသည်။
စားသုံးဆီဈေးနှုန်း တည်ငြိမ်စေ ရေးလုပ်ငန်းအဖွဲ့တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်း ရှင်များအသင်း၏ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက် မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ ကိုယ်စားလှယ်၊ စားသုံးဆီတင်သွင်းသော ကုမ္ပဏီ များ၏ တာဝန်ရှိသူများပါဝင်မည် ဖြစ်ကြောင်း သိရသည်။ အဖွဲ့အနေဖြင့် ဈေးကွက်အတွင်း စားသုံးဆီ လွယ်လင့်တကူ ဝယ်ယူရရှိနိုင်ရေးနှင့် စားသုံးသူ (End User)များ ဝယ်ယူရသည့်အချိန်အထိ ဈေးနှုန်းကြီး မြင့်မှုမဖြစ်ပေါ်စေရေး ထိန်းသိမ်းကြပ်မတ် သွားရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။
ရန်ကုန်မြို့အပါအဝင်တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စားသုံးဆီလက်လီ၊ လက်ကားကုန်သည်များ၊ ဆီအရောင်းဆိုင်များအနေဖြင့် လက်ကားရည်ညွှန်းဈေးနှုန်း ဖြင့် ဝယ်ယူရရှိစေရေးအတွက် ဈေးကွက်အ တွင်း တိုက်ရိုက်ဖြန့်ဖြူးရောင်းချရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အထက်ပါအတိုင်း ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။
စားအုန်းဆီလက်ကျန်ရှိနေသော ကုမ္ပဏီ ၁၆ ခုအနက် Six Winner Brothers Co.,Ltd မှ ကုမ္ပဏီ၏ လက်ကျန်စားအုန်းဆီများကို ကုမ္ပဏီ၏ အစီအစဉ်ဖြင့်သာရောင်းချ မည်ဟု သြဂုတ်လ ၂၆ ရက်က ဘုရင့်နောင် ကုန်စည်ဒိုင် အစည်းအဝေးခန်းမတွင် ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော်လည်း ယခု လုပ်ငန်းအဖွဲ့ ဖွဲ့စည်းရာတွင် ပြန်လည်ပါဝင်လာခဲ့ သောကြောင့် လုပ်ငန်းအဖွဲ့၏ စီစဉ်ကြီးကြပ်မှုအတိုင်း ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စားအုန်းဆီ လက်ကျန်များကို ဈေးကွက်အတွင်း လက်ကားရည်ညွှန်းဈေး အပေါ်တွင် အထွေထွေ ကုန်ကျစရိတ်များ နှင့် အသားတင်အမြတ် နှစ်ရာခိုင်နှုန်းထက် မပိုသောဈေးဖြင့် ရောင်းချနိုင်ရေးနှင့် အဆင့်ဆင့် လက်လွှဲရောင်းချသည့်တိုင်အောင် အသားတင်အမြတ် ၁၀ ရာခိုင်နှုန်းထက် မပိုသောဈေးနှုန်းဖြင့်သာ ရောင်းချရေးတို့ကို ကြီးကြပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။