Breaking

စားအုန်းဆီတန်ချိန် ခုနစ်သောင်းအထိ တိုးမြှင့်တင်သွင်းသွားမည်ဖြစ်သည့်အတွက် ဝယ်ယူစုဆောင်းခြင်းများ မပြုလုပ်ရန် တိုက်တွန်း

၂၀၂၄ ၊ ဇန်နဝါရီ ၂၃
    စားသုံးဆီဈေးနှုန်းတည်ငြိမ်စေရေး၊ ပြည်တွင်းတွင် စားသုံးဆီဖူလုံစေရေးအတွက် ပြည်ပနိုင်ငံများမှ စားအုန်းဆီ တန်ချိန် ခုနစ်သောင်းခန့် တိုးမြှင့်တင်သွင်းရန် စီစဉ်နေသည့်အတွက် စားသုံးသူများအနေဖြင့် စားသုံးဆီ ပြတ်လပ်မည်ကို စိုးရိမ်စိတ်ဖြင့် ပိုမိုဝယ်ယူခြင်းများ မပြုလုပ်ကြရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးဆန်းလင်းက ဇန်နဝါရီ ၂၀ ရက်တွင်
UMFCCI  ၌ ပြုလုပ်သည့် နှစ်ပတ် လည် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဆန်းလင်းက "လက်ရှိမှာ စားအုန်းဆီတင်သွင်းမှု ကုမ္ပဏီအနေနဲ့ကတော့ ကုမ္ပဏီအသစ်အပါအဝင် စုစုပေါင်း ၆၀ ကျော်ရှိပါတယ်။ အဲ့ဒီ ၆၀ ကျော် ကုမ္ပဏီက ယခင်စားအုန်းဆီတင်သွင်းမှု တန်ချိန်ငါးသောင်းကနေ ခုနစ် သောင်းအထိ တိုးမြှင့်တင်သွင်းဖို့ကို စီစဉ်ဆောင်ရွက်နေပါတယ်။ စားအုန်းဆီနဲ့ ပတ်သက်ပြီး တန်ချိန်ခုနစ်သောင်းဆိုရင် ပြည် တွင်းဖူလုံမှုကတော့ အင်မတန်မှ လောက်ငပါတယ်။ အဲ့ဒါကြောင့်မို့လို့ စားသုံးသူတွေအနေနဲ့ စားအုန်းဆီပြတ်လပ်မှာကို စိုးရိမ်ပြီးတော့ စိုးရိမ်စိတ်နဲ့ အများကြီး ဝယ်ယူစု ဆောင်းကြတာမျိုး မလုပ်ကြဖို့ ပြောကြားချင်ပါတယ်။ လက်ရှိတင်သွင်းမှု အခြေအနေကတော့ စောစောကပြောသလို တန်ချိန် ခုနစ် သောင်းကို တင်သွင်းမယ်"ဟု ပြောကြား ခဲ့သည်။
    မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားသုံးဆီသီးနှံများကို ပိုမိုစိုက်ပျိုး ထုတ်လုပ်သည့် ရည်ရွယ်ချက်ဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာမှစ တင်ကာ စားသုံးဆီတင်သွင်းမှု အနေဖြင့်တန် ချိန် ငါးသောင်းကိုသာတင် သွင်းခဲ့ခြင်းဖြစ် ကြောင်း၊ အသင်းအနေဖြင့်လည်း ဆီဈေး နှုန်းများ မကြီးမြင့်ရေးနှင့် စားသုံးဆီ မပြတ် လပ်ရေးကိုလည်း ဦးစားပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
    "ကျွန်တော်တို့တာဝန်ထမ်း ဆောင်ခဲ့တဲ့ သုံးနှစ်တာကာလကို ကြည့်မယ်ဆိုရင် အားသာချက်တွေရှိသလို အားနည်းချက်တွေလည်း အများကြီးရှိပါတယ်။ ဒီအားနည်းချက်တွေကို ကြည့်ပြီးတော့ နောင်လာမယ့်နှစ်တွေမှာ ဒါမျိုးတွေမဖြစ်ပေါ်အောင်၊ စားသုံးဆီဈေးနှုန်းတွေ တည်ငြိမ်အောင်၊ ဆောင်ရွက်နိုင်အောင် ပြည်တွင်းမှာ စားသုံးဆီဖူလုံအောင်၊ စားသုံးသူများအနေနဲ့ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ အလွယ်တကူရရှိနိုင် အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ ကိစ္စတွေကို ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို သင်ခန်းစာယူပြီးတော့ ဆောင်ရွက်ရမယ့်အပိုင်းတွေလို့ ခံယူမိပါတယ်"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
    ထို့အပြင် နိုင်ငံခြားငွေရောင်းချ ပေးခြင်းနှင့် ပတ်သက်၍လည်း "နိုင်ငံတော် ကနေပြီးတော့လည်း နိုင်ငံခြားငွေ ၂၁၀၀ နဲ့ ရောင်းချပေးထားတယ်။ ပို့ကုန်ရငွေကိုလည်း ရာခိုင်နှုန်း ၇၀ ကို စားအုန်းဆီ တင်သွင်းခွင့်ပေးထားပါတယ်။ ကျန်တဲ့ ရာခိုင်နှုန်း ၃၀ ကိုလည်း ၃၅၊ ၆၅ ရာခိုင်နှုန်းနဲ့ သတ်မှတ်ရည်ညွှန်းဈေး ငွေလဲနှုန်းအတိုင်း စီစဉ်ဆောင် ရွက်ပေးထားပါတယ်။ ဒါကိုကြည့်ရင် နိုင်ငံတော်အနေနဲ့ စားသုံးဆီတင်သွင်းမှုပိုင်းကို အများကြီး ဖြေလျှော့ပေးထားတယ်ဆိုတာကို  တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ စားသုံးဆီပြန်လည် တင်သွင်းတဲ့သူတွေအနေနဲ့ရော၊ တစ်ဆင့် ပြန်လည်ရောင်းချတဲ့သူ အနေနဲ့ရော သက်မှတ်ရည်ညွှန်းဈေးရယ်၊ ကုန်ကျစရိတ်ရယ် ပေါင်းပြီးတော့ ၂ ရာခိုင်နှုန်း ထက်ပိုပြီးမ ရောင်းချဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
    ထို့အပြင် ပြည်တွင်း၌ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် သူများအနေဖြင့်လည်း ယခင်စိုက်ပျိုးထုတ်လုပ်ခြင်းထက် ပိုမိုအထွက်နှုန်းကောင်းရန် စိုက်ပျိုးမှုပိုင်းနှင့် နည်းပညာပိုင်းများကို ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ယခုနှစ်အတွင်း ပြည်တွင်း၌ စားသုံးဆီ ဈေးနှုန်းတည်ငြိမ်စေရေးအတွက်လည်း လုပ်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 172

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43967

© 2022 - 2025 News. All Rights Reserved.