ရန်ကုန်၊ စက်တင်ဘာ ၄
မြေယာနှင့်ပတ်သက်၍ မြေလွတ် မြေရိုင်းများအပေါ်၌ စီမံကိန်းများအကောင်အထည် ဖော်ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် အချိန်ကာလအတွင်း လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင် ရွက်ခြင်းမပြုဘဲ မြေယာများ ရယူထားမှုများကို ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန် ကြီးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ စက်တင်ဘာ ၁ ရက်ကတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများ ဆွေးနွေးစဉ် အထက်ပါအတိုင်း မှာကြားခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် လယ်ယာမြေများကို အခြားနည်းဖြင့်သုံးစွဲရန်အတွက် တိုင်းဒေသကြီးအဆင့်ဖြင့် ဆောင်ရွက်၍ရသော်လည်း လယ်မြေများကို အခြားနည်းဖြင့် ပြောင်းလဲသုံးစွဲမှုများကို နိုင်ငံတော်အစိုးရ ထံခွင့်ပြုချက် ရယူရမည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မှာကြား ခဲ့သည်။
လယ်မြေများကို အခြားနည်းများ ဖြင့် သုံးစွဲခြင်းများကြောင့် စိုက်ပျိုးမြေများ လျော့နည်းလာပြီး စိုက်ပျိုးထုတ်လုပ်မှုများကို ထိခိုက်စေနိုင်ခြင်းကြောင့် သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် မြေယာများနှင့်ပတ်သက်၍ စနစ်တကျဖြင့် စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပြီး မြေများကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရန် လိုကြောင်း၊ မြေလွတ်မြေရိုင်းများနှင့် လယ်ယာမြေပိုင်ဆိုင်မှု များနှင့်ပတ်သက်၍ ဥပဒေများကို ပြန်လည်သုံးသပ်ဆောင်ရွက်လျက်ရှိ ကြောင်းထည့်သွင်း ပြောကြား ခဲ့သည်။
ယင်းအပြင် လမ်းမကြီးများနှင့် ပတ်သက်၍ လမ်းမကြီးများ ဥပဒေနှင့်အညီ လမ်းဧရိယာ၊ လမ်းနယ်များ သတ်မှတ်ပေး ထားပြီးဖြစ်ကြောင်း၊ လမ်းမကြီးများ ဥပဒေနှင့်သတ်မှတ်ထားသည့် လမ်းနယ်များနှင့် မလွတ်ကင်းသည့် နေရာများမှ မြေများအား ဂရန်သက်တမ်းတိုးခြင်းများကို ကန့်သတ်ရန် လိုကြောင်း၊ ဒေသအလိုက်လမ်းများအား လမ်းအင်္ဂါရပ်များနှင့် ညီညွတ်စေရေးဆောင်ရွက်ရာတွင် လမ်းဘေးဝဲယာ၌ ရေနုတ် မြောင်းများကို စနစ်တကျထည့်သွင်း၍ ရေထုတ်စနစ်များ ဆောင်ရွက်ရန်လိုကြောင်း၊ ရေထုတ်စနစ်များ ကောင်းမွန်မှသာ ရေကြီး ရေလျှံခြင်းများကို လျော့ပါးစေ မည်ဖြစ်ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြား ခဲ့သည်။ နဒီ