ရန်ကုန်၊ စက်တင်ဘာ ၁၇
နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသော TNLA နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များက မိုးကုတ်ဒေသခံများကို ဆက်ကြေးသဖွယ် အခွန်ကောက်ခံမှုနှင့် လူမျိုးရေးခွဲ ခြားဆက်ဆံမှုများကြောင့် ဒေသခံများ အဆင်မပြေမှု များကြုံတွေ့နေရကြောင်း သိရသည်။
အကြမ်းဖက်အဖွဲ့များမှာ မိုးကုတ်မြို့တွင် အိမ်ခွန်၊ ဆိုင်ခွန်ကို စည်ပင်ခွန်ဟု သတ်မှတ်က ၂၀၂၂ ခုနှစ်မှ စတင်၍ ကြွေးကျန်များကျန်ရှိနေကြောင်း အကြောင်းပြ၍ ဆက်ကြေးအခွန်တောင်းခံမှုများ ပြုလုပ်နေကြောင်း မြို့ခံများထံမှ သိရသည်။ ဆက်ကြေးကောက်ခံရာတွင် ပြည်သူများကို မချေမငံ မောက်မောက်မာမာ ဆက်ဆံမှုကြောင့် မြို့မိမြို့ဖများအနေဖြင့် ကြားဝင်ဖျန်ဖြေပေးရန် လိုအပ်ကြောင်း မြို့ခံများက တောင်းဆိုထားသည်။
"ပြည်သူတွေ တကယ်ခက်ခဲနေကြတာ။ စစ်ဖြစ်လို့ ဆုံးရှုံးမှုများ၊ ကုန်စီးဆင်းမှုခက်ခဲလို့ ကုန်ဈေးနှုန်းတက်၊ အလုပ်အကိုင်မရှိ၊ ဝင်ငွေမရှိနဲ့ လူတိုင်း၊ အိမ်တိုင်း၊ မိသားစုတိုင်းခက်ခဲပြီး ဝမ်းရေးတောင် မဖြေရှင်းနိုင်ကြတာတွေ အများကြီး။ မိုးကုတ်က ချမ်းသာသူကတော့ သူ့ဟာသူ ပြေလည်ကြပေမယ့် ဘယ်နေရာနေနေ လူချမ်းသာက အနည်းစု အခြေခံလူတန်းစားနဲ့ လူလတ်တန်း စားကပဲ ပိုများကြတာ။ လူချမ်းသာတောင် တော်တော်အခက်တွေ့တဲ့အနေအထား ခုချိန် ဝင်ငွေမရှိ၊ ငွေပိုကုန်နေတဲ့ကာလမှာ အခုလို ဆက်ကြေးအခွန်တွေ ကောက်ခံကြတာ မဖြစ်သင့်ဘူး"ဟု မြို့ခံ တစ်ဦးကပြောသည်။
ထို့အပြင် နေ့စားကျောက်ရှာဖွေ သူတစ်ဦးလျှင် TNLA အကြမ်းဖက်အဖွဲ့ကို ကျပ်တစ်သောင်းပေးရကြောင်း၊ ငွေကြေးမတတ်နိုင်သဖြင့် နေစားကျောက်ရှာဖွေသူများ အလုပ်အကိုင်အခွင့်အလမ်း မရှိကြောင်း သိရသည်။ ထို့အပြင် စစ်ဘေးရှောင်ပြည်သူများကို အတင်းအကျပ် မြို့တွင်းသို့ပြန်လည် ဝင်ရောက်နေထိုင်ရန် ဖိအားပေးနေပြီး ပြန်လည်မဝင်ရောက်ပါက နေအိမ်များကို ချိတ်ပိတ်သိမ်းဆည်းမည်ဟု ခြိမ်းခြောက်နေကြောင်း သိရသည်။
"ထားခဲ့တဲ့အိမ်လေးကို ပြန်ကြည့်ဖို့ မန္တလေးကနေ ကားငှားသွားတာ မြို့အဝင်လည်းရောက်ရော ကျွန်မအမျိုးသားက ဗမာလူမျိုးဖြစ်နေလို့ ပေးမဝင်ဘူးလို့ပြောပါတယ်။ အခုလို လူမျိုးရေးခွဲခြား ဆက်ဆံခံနေရပါတယ်"ဟု မြို့ကိုပြန်လည်ဝင်ရောက်ရန်ကြိုး ပမ်းခဲ့သူတစ်ဦးကဆိုသည်။ လက်ရှိ တွင် မိုးကုတ်မြို့တွင် လူမနေသည့်အိမ်များကို အကြမ်းဖက်အဖွဲ့များက ဖောက်ထွင်းခိုးယူမှုများပြုလုပ်နေပြီး သူခိုးဟုစွပ်စွဲပါက အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးနှိပ်စက်နေကြောင်း သိရသည်။ ထူးမြတ်