၂၀၂၃ ဧပြီ ၂၅
ဆန်ဈေးမြင့်တက်စေရန် လှုံ့ဆော်နေသူများအား ဆန်စပါးလောက၏ ရေရှည်အကျိုးအတွက် ဝိုင်းဝန်းဖော်ထုတ်ကြရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တိုက်တွန်း ပြောကြားထားသည်။

လတ်တလောတွင် ဆန်ဈေးမြင့်တက်စေရန် လှုံ့ဆော်မှုများနှင့် စားသုံးသူပြည်သူများ စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုများ ၊ မမှန်မကန်ဈေးနှုန်းများကို လူမှုကွန်ရက်မှတဆင့် ဖြန့်ဝေမှုများ ရှိနေကြောင်း အသင်းချုပ်က ဆိုသည်။
ယင်းကဲ့သို့ ဆောင်ရွက်နေသူများအား ဆန်စပါးလောက၏ ရေရှည်အကျိုးအတွက် ဝိုင်းဝန်းစိစစ်ဖော်ထုတ်ပြီး သတိပေးခြင်း၊ စည်းရုံးပညာပေးခြင်းများ လုပ်ဆောင်ပြီး ထူးခြားမှုမရှိပါက သက်ဆိုင်ရာသို့ တင်ပြရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။
ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ဖြင့် ဆန်ဝယ်ယူလိုသော အဖွဲ့အစည်း/အိမ်ထောင်စုများ အနေဖြင့် ကုန်စည်ဒိုင်များတွင် ဆက်သွယ်ဝယ်ယူနိုင်ပြီး အခက်အခဲ ရှိပါက အသင်းချုပ်ရုံး၊ ကုန်စည်ဒိုင် ရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းလည်း သိရသည်။
ပြည်တွင်း ဆန်ဈေးနှုန်းများ မြင့်တက်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသူများ ရှိနေသည့်အတွက် ဆန်ဈေးနှုန်း တည်ငြိမ်စေရန် နှင့် ပစ္စည်းမှန်၊ ဈေးနှုန်းမှန် ၊ အရောင်းအဝယ်မှန် ဖြစ်စေရေး ထိန်းကျောင်းဆောင်ရွက်သွားရန် အသင်းချုပ်အနေဖြင့် ဆန်စပါးကုန်သည်များအသင်း၊ ကုန်စည်ဒိုင်များ၊ ဆန်စက်ပိုင်များ၊ ဆန်ကုန်သည်များ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် ကုန်သည်ပွဲစားများနှင့် စက်ပိုင်များ အနေဖြင့်လည်း ရေတိုအကျိုးအမြတ်နှင့် ရေရှည်အကျိုးစီးပွားကို မျှတစွာ ချင့်ချိန်ပြီး ရောင်းဝယ်လုပ်ကိုင်ကြရန်လည်း အသိပေးထားသည်။
“သင်္ကြန်ကာလအတွင်း ဆန်စက်အချို့ မလည်ပတ်နိုင်တာကို အခွင့်ကောင်းယူပြီး ဒီရက်ပိုင်းဆန်အဝင်နည်းသွားတော့ ဆန်ကုန်သည်ပွဲစားတချို့ စျေးဆွဲတင်ကစားကြတာပါ”ဟုဝါးတန်းဆန်စပါးကုန်စည်ဒိုင်ရှိကုန်သည်တစ်ဦးမှပြောကြားခဲ့သည်။
၁။ ပြည်တွင်း စားသုံး ဆန်စျေးနှုန်းများ မြင့်တက်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေသူများ ရှိနေသောကြောင့် ဆန်စျေးနှုန်း တည်ငြိမ်စေရန် နှင့် ပစ္စည်းမှန်၊ စျေးနှုန်းမှန် ၊ အရောင်းအဝယ်မှန် ဖြစ်စေရေး ထိန်းကျောင်း ဆောင်ရွက်သွားရန် အသင်းချုပ် အနေဖြင့် ဆန်စပါးကုန်သည်များအသင်း၊ ကုန်စည်ဒိုင်များ၊ ဆန်စက်ပိုင်များ၊ ဆန်ကုန်သည်များ၊ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကုန်သည်ပွဲစား စက်ပိုင်များ အနေဖြင့်လည်း ရေတိုအကျိုးအမြတ်နှင့် ရေရှည်အကျိုးစီးပွါးကို မျှတစွာ ချင့်ချိန် ရောင်းဝယ်ဆောင်ရွက်ကြရန် နှိုးဆော်အသိပေးအပ်ပါသည်။
၂။ ပစ္စည်းမှန်၊ စျေးနှုန်းမှန်ဖြင့် ဆန်ဝယ်ယူလိုသော အဖွဲ့အစည်း/အိမ်ထောင်စုများ အနေဖြင့် ကုန်စည်ဒိုင်များတွင် ဆက်သွယ်ဝယ်ယူနိုင်ပါသည်။ အခက်အခဲ ရှိပါက အသင်းချုပ် ရုံး၊ ကုန်စည်ဒိုင် ရုံးများ နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။
၃။ ဆန်စျေးမြင့်တက်စေရန်နှင့် စားသုံးသူပြည်သူများ အတွက် စိုးရိမ်ထိတ်လန့်စေရန် လှုံ့ဆော် ဆောင်ရွက်သူများ၊ Online ပေါ်တွင် စိုးရိမ်စိတ် တိုးပွါးစေရန် မမှန်သော စျေးနှုန်းများ၊ မမှန်သော သတင်းအချက်အလက် တင်နေသူများအား ဆန်စပါးလောက၏ ရေရှည်အကျိုး အတွက် ဝိုင်းဝန်းစိစစ်ဖော်ထုတ်ပြီး သတိပေးရန် နှင့် စည်းရုံးပညာပေးရန်၊ မထူးခြားပါက သက်ဆိုင်ရာသို့ တင်ပြရန် စီစဉ်ဆောင်ရွက်မည် ဖြစ်ပါသဖြင့် သက်ဆိုင်သူများအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးပါရန် အသိပေး ထုတ်ပြန်ခဲ့သည်။