ဆန်းသစ်တီထွင်သောပုံစံများဖြင့် ခရီးသွားလုပ်ငန်းအား ဖန်တီးရန်ဟိုတယ်ခရီးဝန်ကြီးဌာနမှ ပံ့ပိုးမူနှင့်ဖြေလျော့မှုများလုပ်ပေးမည်

၂၀၂၃ စက်တင်ဘာ ၇

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်မှ စက်တင်ဘာ ၆ ရက်မွန်းလွဲပိုင်းက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များနှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်လုပ်ငန်းရှင်များကို ရန်ကုန်မြို့ရှိ အင်းယားလိပ်ဟိုတယ်၌တွေ့ဆုံစဥ် ပြောကြားခဲ့သည်။

အစိုးရမှ စီးပွားရေးလုပ်ကိုင်နိုင်သော ပတ်ဝန်းကျင်ကိုဖန်တီးပေးပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များက အကောင်အထည်ဖော်ဆောင်ရွက်ရကာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်လာခြင်းသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေသည်ဟု ပြောသည်။

"နိုင်ငံတော်အနေနဲ့ ခရီးသွားကဏ္ဍတိုးတက်ရေးကို အလေးထားပါတယ် ဝန်ကြီးဌာနအနေနဲ့ ပြည်ပခ ရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာစေဖို့အတွက် ဗီဇာဖြေလျှော့ရေးတွေ ငွေကြေးသုံးစွဲမှုအဆင်ပြေစေဖို့နဲ့လွယ်ကူစွာသွားလာလည်ပတ်နိုင်ဖို့တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးနေတာကြောင့် ပုဂ္ဂလိကအနေနဲ့ဝိုင်းဝန်းပူးပေါင်းပါဝင်ပေးကြစေလိုပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်ကပြောသည်။

ထို့ပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ရုရှား၊တရုတ်၊အိန္ဒိယတို့၏ အဓိကခရီးသွားဈေးကွက်ရရှိရန်ကိုလည်း တစ်ပြေးညီဆောင်ရွက်ရမည်ဖြစ်ကာ နယ်စပ်ဒေသ၌ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားကြရမည်ဟု မှာကြားသည်။

မြန်မာနိုင်ငံ၏ ခရီးသွားဈေးကွက်မြှင့်တင်ရန် နိုင်ငံတကာမှဖိတ်ခေါ်ဆောင်ရွက်မည့် ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ်(Familiarization –FAM Trip)များနှင့်အစီအမံများကို အကောင်အထည် ဖော်ရာတွင် ဝန်ကြီးဌာနအပြင် လုပ်ငန်းလုပ်ကိုင်သူများကလည်း ကြိုးစားဆောင်ရွက်ကြရမည်ဟု ပြောသည်။

ခရီးသွားလုပ်ငန်းအား ဆန်းသစ်တီထွင်သော ပုံစံများဖြင့်ဖန်တီးလုပ်ကိုင်နိုင်ရန် ကြိုးစားရမည်ဖြစ်ပြီး ဝန်ကြီးဌာနအ​နေဖြင့် ပံ့ပိုးရမည်များနှင့်ဖြေလျော့ပေးရမည်များကို စည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ပေးသွားမည်ဟု ပြောကြားခဲ့သည်။

Total Views ~ 162

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43800

© 2022 - 2025 News. All Rights Reserved.