နေပြည်တော်၊ ဇူလိုင် ၂၄
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ကြီးမှူးကျင်းပမည့် ဆိုက်ဘာလုံခြုံရေး အသိပညာပေးဗီဒီယိုပြိုင်ပွဲ ၂၀၂၄ (တက္ကသိုလ်အဆင့်)ကို Online မှတစ်ဆင့် ကျင်းပမည်ဟု အမျိုးသားဆိုက်ဘာလုံခြုံရေး ဗဟိုဌာန ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
"နောက်ဆုံးရက်က သြဂုတ် ၄ ရက် ၄ နာရီ နောက်ဆုံး သတ်မှတ်ထားပါတယ်။ အွန်လိုင်းကပဲ ပေးပို့ရမှာပါ"ဟု အမျိုးသားဆိုက်ဘာလုံခြုံရေး ဗဟိုဌာနမှ တာဝန်ရှိသူက ပြောသည်။
ပြိုင်ပွဲဝင်ဗီဒီယိုဖိုင်သည် မိမိကိုယ် ပိုင်ဖန်တီးမှုဖြစ်ပြီး အခြားသူ၏ မူပိုင်ခွင့်၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ အခွင့်အရေးတို့အား ချိုးဖောက်ခြင်းမရှိရဟု သိရသည်။
၂၀၂၄ ခုနှစ် သြဂုတ် ၄ ရက်တွင် ဗီဒီယိုဖိုင်အား နောက်ဆုံးတင်သွင်းရမည် ဖြစ်ပြီး သြဂုတ် ၂၄ ရက်တွင် နေပြည်တော်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂)တွင် ဆုချီးမြှင့်သွား မည်ဖြစ် ကြောင်းသိရသည်။
ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုနှစ်ဆုတို့ ချီးမြှင့်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ပထမဆုရရှိသော Video ဖိုင်အား ဘရူနိုင်းနိုင်ငံတွင် ပြုလုပ်မည့် ASEAN - JAPAN Cybersecurity Awareness Video Competition - 2024 ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု ပေးပို့ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံကိုယ်စားပြုပေးပို့ယှဉ်ပြိုင်ရာမှ ဆုရရှိပါက ပထမဆုအတွက် အမေရိကန်ဒေါ်လာ ၂၀၀၀၊ ဒုတိယဆုအတွက် အမေရိကန်ဒေါ်လာ ၁၅၀၀ နှင့် တတိယဆုအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀ အသီးသီး ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
အသေးစိတ်သိရှိလိုပါက အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာန၏ ဝက်ဘ်ဆိုက် www.ncsc.gov.mm သို့လည်းကောင်း၊ ဖုန်းနံပါတ် - ၀၆၇-၃၄၂၂၂၇၂ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။