၂၀၂၃ စက်တင်ဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့သစ်မြို့နယ်များအတွင်း စားသုံးဆီဖြန့်ဖြူး ရောင်းချ သည့်နေရာများတွင် တန်းစီဝယ်ယူ သူများထံမှ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၈၀၀၀ထိပေးကာ ပြန်လည်ဝယ်ယူသူ များရှိနေပြီး ဆီတန်းစီဝယ်ယူကာ ပြန်လည်ရောင်းချနေသည့် ဈေးကွက်အလုပ်ဖြစ် နေကြောင်း တန်းစီဝယ်ယူသူများထံမှ သိရသည်။
မြို့သစ်မြို့နယ်များရှိ ရပ်ကွက်များအတွင်းရှိ ပြည်သူများကို နေ့စဉ်စားအုန်းဆီ တစ်ဦးလျှင် ၅၀ ကျပ်သားနှုန်းဖြင့် ရပ်ကွက်အလိုက် ရောင်းချပေးမှုများရှိနေကာ လိုက်လံတန်းစီဝယ်ယူသူ များပြား နေပြီး တစ်ဆင့်ပြန်လည် ရောင်းချနေခြင်းဖြစ် ကြောင်း သိရသည်။
"စားအုန်းဆီကတော့ နေ့စဉ်ရောင်း နေတာဆိုတော့ အချို့က မိသားစုလိုက်တန်းစီပြီး သွား ဝယ်ကြတယ်။ ပြီးရင်တစ်နေ့တာ တန်းစီလို့ရသမျှကိုဆီကောက်တဲ့သူ၊ ဝယ်တဲ့ သူပေါ့ဗျာသွားရောင်း တယ်။ တစ်ပိဿာဆိုရင် ကျပ် ၃၅၀၀ လောက်မြတ်တယ်။ကောက်တဲ့သူက ကျပ် ၈၀၀၀ ဈေးလောက်နဲ့ ကောက်တယ်။ လက်ဖက်ရည်ဆိုင်တို့၊ အကြော်ဆိုင်တွေက ဝယ်ကြတယ်"ဟု ဒဂုံမြို့သစ်(တောင်ပိုင်း) နေထိုင်သူတစ်ဦးက ပြောသည်။
ပြည်တွင်း စားအုန်းဆီဈေးနှုန်းကို စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ် ရေးကော်မတီမှ အပတ်စဉ် သတ်မှတ်ပေးနေခြင်းဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ ရည်ညွှန်းဈေးမှာ တစ်ပိဿာလျှင် ၄၅၂၄ ကျပ် သတ်မှတ်ပေးခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်မှ ၂၄ ရက်အထိ ရည်ညွှန်းဈေး ကျပ် ၄၄၄၀ သတ်မှတ်ထားသည်။
ပြည်တွင်းဈေးကွက်ထဲ၌ စားအုန်း ဆီကို ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိ ပေးထားသည်။ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီကုန်သည်များအသင်း MEODA က ကုန် သည်များနှင့် အရောင်းဆိုင်များကို လက်ကားဈေးပေါ်တွင် အသားတင်အမြတ် ၂ ရာခိုင်နှုန်း၊ အဆင့်ဆင့် လက်လွှဲရောင်းချ သည်အထိတိုင်အောင် အသား တင်အမြတ် ၁၀ ရာခိုင်နှုန်းထက် ကျော်လွန်ရောင်းချခြင်း မပြုလုပ်ရန် အသိပေးထားပြီး စားသုံးဆီဈေး နှုန်း တည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားသည်။