၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၁
တရားမဝင် ကုန်စည်များကြောင့် ကုန်စည်အတုအပများ ဈေးကွက်အတွင်းများပြားလာပါက စားသုံးသူများအနေဖြင့် ယုံကြည်မှုပျောက်ဆုံးလာနိုင်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့သည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမတွင် ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပခဲ့ရာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတကာနှင့် ကုန်သွယ်မှုများ ဆောင်ရွက်ရန်အတွက် သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် အညီလုပ်ကိုင်လိုသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်များ၏ Brand မထိခိုက်စေရေး၊ ယှဉ်ပြိုင်နိုင်စွမ်း ရှိစေရေးတို့အတွက် တရားမဝင် ကုန်သွယ်မှုများအား လိုလားခြင်းမရှိသည်ကို တွေ့ရှိရမည်ဖြစ်ပြီး စားသုံးသူများ အနေဖြင့်လည်း အရည်အသွေးမြင့်ပြီး ဘေး ကင်းစစ်မှန်သည့် ကုန်စည်များကိုသာ အသုံးပြုလို၊ စားသုံးလိုသည့် ဆန္ဒများရှိသည်ကို တွေ့ရှိရ၍ တရားမဝင် ကုန်စည်များကြောင့် ကုန်စည်အတုအပများ ဈေးကွက်အတွင်း များပြားလာပါက စားသုံးသူများအနေဖြင့် ယုံကြည်မှုပျောက်ဆုံးလာနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ထို့အပြင် တရားမဝင်ကုန်သွယ်မှု၏ ရာခိုင်နှုန်း ၆၀ ခန့်သည် မှောင်ခိုကုန် သွယ်မှုဖြစ်ပြီး ရာခိုင်နှုန်း ၃၀ ခန့်က ကျသင့် တန်ဖိုးအောက် ဖော်ပြ၍ ကုန်သွယ်မှုဆောင် ရွက်ခြင်းနှင့် ၁၀ ရာခိုင်နှုန်း သည် တရားဝင်၊ တရားမဝင် အပြိုင်တင်သွင်းမှုတို့ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုကြောင့် နောက်ဆက်တွဲ ဆုံးရှုံးမှုများအနေဖြင့် အဂတိလိုက်စားမှုများကို ဖြစ်ပေါ်စေခြင်း၊ အမှန်တကယ်လုပ် ကိုင်နေသူများကို ထိခိုက်နစ်နာစေခြင်းနှင့် နိုင်ငံ့အတွက် အခွန်ဘဏ္ဍာများမရရှိသည့်အတွက် ဝင်ငွေအကြီးအကျယ် ဆုံးရှုံးခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း၊ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုများကို တိုက်ဖျက်သည့် လုပ်ငန်းများအား 'အမျိုးသားရေးတာဝန်' အဖြစ် သတ်မှတ်ပြီး ဝိုင်းဝန်းကြိုးပမ်းကြရန် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တိုက်တွန်းခဲ့သည်။