တရုတ်နိုင်ငံ ကူညီမှုဖြင့် နေ‌ရောင်ခြည်စွမ်းအင်သုံး ရေတွင်းတူးဖော်မှု နေပြည်တော် တဲကြီးကုန်းကျေးရွာ လယ်မြေ ဧက ၂၄၀ အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေး သုံး‌ရေ ပုံမှန်ပေးနိုင်ခဲ့

ရန်ကုန် ၊ နိုဝင်ဘာ ၆
    တရုတ်နိုင်ငံ၏ အကူအညီဖြင့် ဘက်စုံသုံး နေ‌ရောင်ခြည် စွမ်းအင်သုံးရေတွင်းတူးဖော်ခဲ့ရာ နေပြည်တော် တဲကြီးကုန်းကျေးရွာရှိ လယ်မြေဧက ၂၄၀ အတွက် တစ်နှစ်ပတ်လုံး စိုက်ပျိုးရေးသုံး‌ရေကို  ပုံမှန်ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။
    ၂၀၂၃ ခုနှစ်မှ စတင်၍ ယူနန်ပြည်နယ် အစားထိုး စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်များအသင်း (Yunnan Province Tidai Planting Development Industry Association)မှ 'စိတ်ချင်းယှက်နွှယ်ယူနန်အစီအစဉ်' မြန်မာနိုင်ငံ နေပြည်‌တော်ကောင်စီနယ်မြေ ကျေးလက်ဒေသ သောက်သုံးရေရရှိရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
    ပထမဦးဆုံး ကူညီတည်ဆောက်သော နေပြည်တော် တဲကြီးကုန်းကျေးရွာ နေ‌ရောင်ခြည်စွမ်း အင်သုံးရေတွင်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စတင်အသုံးပြုခဲ့ကြပြီး ရွာသူရွာသား ၁၀၀၀ ကျော်အတွက် နွေရာသီ လယ်ယာထုတ်ကုန်နှင့် အိမ်တွင်းရေအသုံးပြုမှု ပြဿနာများကို ကူညီဖြေရှင်း ပေးခဲ့ကြောင်း သိရသည်။
    ဒုတိယမြောက်အနေဖြင့် ဘက်စုံသုံးနေ‌ရောင်ခြည်စွမ်းအင်သုံး ရေတွင်းကို ဇူလိုင်လတွင် တူးဖော်ပြီးစီး၍ စတင်အသုံးပြုနိုင်ခဲ့ပြီး ရွာသူရွာသား ၁၀၀၀ ကျော်အတွက် သန့်ရှင်းသော သောက်သုံးရေကို ပုံမှန်ပေးနိုင်ခဲ့ကာ အိမ်ထောင်စု ၃၀ ၏ လယ်မြေဧက ၂၄၀ အတွက် တစ်နှစ်ပတ်လုံးစိုက် ပျိုးရေးသုံး‌ရေကို ပုံမှန် ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။
    ရွာသူတချို့က "ကိုယ်ထူကိုယ်ထ ရန်ပုံငွေဖြင့် တူးထားတဲ့ ရေတွင်းက ရေတိမ်တွင်းတွေမို့ ရေကမသန့်ရှင်းဘူး၊ သံချေးနံ့တွေ အရမ်းပြင်းလို့ နေ့တိုင်း တစ်ကီလိုမီတာဝေးတဲ့ ဘုန်းကြီးကျောင်းသို့သွားပြီး ရေသွားခပ်ရတယ်၊ အသွားအပြန်ကို နာရီဝက်ကျော် ကြာတယ်။ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တူးဖော်ပေးတဲ့ ရေတွင်းရှိတာကြောင့် ခုအခါ ရွာမှာ ရေများကို ဘေးကင်းစွာ သောက်သုံးနိုင်ပြီဖြစ်ပြီး အဝေးသွားပြီး ရေခပ်ဖို့ မလိုတော့ဘူး"ဟူ၍ ပြောကြားခဲ့ကြောင်း သံရုံးမှထုတ်ပြန်ခဲ့သည်။
    အလားတူ ရေတွင်းတည်ဆောက် ရန် မြေလှူဒါန်းတဲ့ ဦးကျော်မင်းမိုးက "တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးတဲ့ ရေတွင်းရှိတာကြောင့် အခုနှစ် နွေရာသီမှာ ကျွန်တော်တို့ နွေစပါးတင်းပေါင်း ၃၀၀၀ ရရှိခဲ့ပါတယ်၊ အားလုံးရောင်းလိုက်မယ်ဆိုရင် တစ်ရာသီတည်းနဲ့ အရင်နှစ်တစ်နှစ်လုံးထက် ဝင်ငွေ သိန်း ၅၁၀ ကျော် ပိုမို ရနိုင်ပါတယ်"ဟု ပြောကြားခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
    မြန်မာ့ယဉ်ကျေးမှုအရ ရေလှူဒါန်းခြင်းသည် ရေအကျိုး ၁၀ပါး ကုသိုလ်ကို ရရှိနိုင်မည်ဟူသော ဆိုရိုးရှိပြီး ယခုကဲ့သို့ ကောင်းကျိုးခံစားရခြင်းမှာ ရေတွင်းတည် ဆောက်နိုင်ရေး မြေလှူဒါန်းခဲ့ခြင်း၏ ကောင်းမှုကုသိုလ်အကျိုးဟု ထင်မြင်မိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ ထုတ်ပြန်ခဲ့သည်။ နဒီ

Total Views ~ 160

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43735

© 2022 - 2025 News. All Rights Reserved.