ရန်ကုန်၊ ဧပြီ ၃၀
တရုတ်-မြန်မာ စိုက်ပျိုးရေး စက် ဝန်း စီးပွားရေးစက်မှုဇုန် EPC တည်ဆောက် မှုစီမံကိန်း မိတ်ဖက်စာချုပ် သဘောတူညီချက် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ဧပြီ ၂၇ ရက် ညနေ ၄ နာရီက ရန်ကုန်မြို့ရှိ Wyndham Grand Hotel တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် Naing Sei Group ကုမ္ပဏီလီမိတက်၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး Green Globe Agri(Guangxi) Technology ကုမ္ပဏီလီမိတက်၏ အင်ဂျင်နီယာချုပ် Mr.Xie Jun Nian မှ စီမံကိန်းအချက် အလက်များအား ရှင်းလင်းတင်ပြခဲ့သည်။
‘‘အာဆီယံနိုင်ငံကို ကြည့်လိုက်တဲ့အခါမှာ ထိုင်းနဲ့ ဗီယက်နမ်က စိုက်ပျိုးရေး လုပ်ငန်းကို အောင်မြင်အောင် လုပ်ကိုင်နေတာ တွေ့ရပါတယ်။ ဆန်ပြည်ပကို တင်ပို့တဲ့ နေရာမှာ ပထမက ကျွန်တော်တို့နိုင်ငံက အများဆုံးတင်ပို့တဲ့ နိုင်ငံပါ။ အခုဆိုရင် ထိုင်းနဲ့ ဗီယက်နမ်က အများဆုံးဖြစ်နေတယ်။ ကျွန်တော်တို့ စိုက်ပျိုးရေးမှာ ခေတ်နောက်ကျတဲ့အချိန်မှာ ကျွန်တော်တို့က တရုတ်ပြည်နဲ့ ပူးပေါင်းလုပ်ကိုင်မယ်ဆိုရင် မကြာခင် အနာဂတ်ကာလမှာ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာယုံကြည်ပါတယ်ဟု ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောကြားခဲ့ သည်။
Green Globe Agri(Guangxi) Technology ကုမ္ပဏီလီမိတက်၏ ဥက္ကဋ္ဌ Mr.Wan Qing Zhao နှင့် Naing Sei Group ကုမ္ပဏီလီမိတက်၏ဥက္ကဋ္ဌ ဦးကျော်စွာစိုးတို့ က အမှာစကားအသီးသီး ပြောကြားခဲ့သည်။
‘‘တရုတ်နိုင်ငံကနေလာတဲ့ Green Globe Agri စိုက်ပျိုးရေးကုမ္ပဏီက နိုင်ငံရေးပါတီဥက္ကဋ္ဌများ ဖွဲ့ထားတဲ့ Naing Sei ကုမ္ပဏီနဲ့ ပူးပေါင်းပြီး စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် လက်မှတ်ထိုးချင်ပါတယ်ဆို ပြီးကမ်းလှမ်းထားတာတော့ လေးလလောက် ကြာမြင့်ခဲ့ပြီး အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီးနောက် လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်က အာရှဒေသတွင်း စိုက်ပျိုးမွေးမြူရေးမှာ နံပါတ်တစ်ဖြစ်တယ်။ ကျွန်တော်တို့ဆီကို သူတို့တွေက Ai နည်းပညာနဲ့ စိုက်ပျိုးနိုင်မယ့် နည်းပညာတွေကို သယ်လာလိမ့်မယ်။ ဒီမှာလည်း ရင်းနှီးမြှုပ်နှံပြီးတော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အောင်မြင်အောင်လုပ်ကြမှာပါဟု Naing Sei Group ကုမ္ပဏီလီမိတက်၏ဥက္ကဋ္ဌ ဦးကျော်စွာစိုးက ပြောကြားခဲ့သည်။
ယင်းနောက် တရုတ်-မြန်မာ ကုမ္ပဏီနှစ်ခုအကြား မိတ်ဖက်စာချုပ်ဘောင် သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အဆိုပါ တရုတ်-မြန်မာ စိုက်ပျိုး ရေးစက်ဝန်းစီးပွားရေးစက်မှုဇုန် EPC တည်ဆောက်မှု စီမံကိန်းကို ၂၀၂၅ ခုနှစ် မေလလယ်မှ စတင်ကာ လုပ်ငန်းစတင်လည် ပတ်မည်ဖြစ်ကြောင်း သိရသည်။ သက်မှူး