တရုတ်-မြန်မာနယ်စပ် မတည်ငြိမ်အောင် ပြုလုပ်သူများ အခြေမချနိုင်အောင် ဆောင်ရွက်မည်

နေပြည်တော်၊ နိုဝင်ဘာ ၁၃
    တရုတ်နိုင်ငံ၏ နယ်နိမိတ်၊ နယ်မြေကိုအခြေပြု၍  မြန်မာနိုင်ငံကို ဆန့်ကျင်နေသူများနှင့် အဖွဲ့အစည်းမှန်သမျှ တရုတ်နိုင်ငံအနေဖြင့် လက်မခံသည့်နည်းတူ တရုတ်နိုင်ငံကို ဆန့်ကျင်သူများ မြန်မာနိုင်ငံအတွင်း အခြေမပြုနိုင်အောင် သဘောတူအတည်ပြုခဲ့ကြောင်း သတင်းမှန်ပြန်ကြားရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ 
    "တရုတ်နိုင်ငံဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့ ပါတီအတွင်းရေးမှူးနဲ့ တွေ့ဆုံခဲ့တယ်။ ချုံချင့်ပြည်နယ် ပါတီအတွင်းရေးမှူးနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အဲဒီမှာအပိုင်းခွဲပြီး ပြောရမယ်ဆိုရင်တော့ နိုင်ငံရေးအရဆိုရင် တရုတ်နိုင်ငံအနေနဲ့ ယခင်ကလိုပဲ မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲမှုကို အားပေးပါတယ်။ ထပ်လောင်းပြီးတော့ အသိအမှတ်ပြုတယ်။ တရုတ်နိုင်ငံရဲ့ နယ်နိမိတ်၊ တရုတ်နိုင်ငံရဲ့နယ်မြေကို အခြေပြုပြီး မြန်မာနိုင်ငံကို ဆန့်ကျင်နေတဲ့သူတွေ မြန်မာနိုင်ငံနဲ့ ပတ်သက်နေတဲ့၊ ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းမှန်သမျှကို လက်မခံကြောင်း ပြောပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံရဲ့မူဝါကို ထပ်လောင်း အတည်ပြုခဲ့တယ်။ တရုတ်နိုင်ငံကို ဆန့်ကျင်တဲ့သူတွေ မြန်မာနိုင်ငံထဲမှာ အခြေမပြုနိုင်အောင်ထပ်မံပြီး အတည်ပြုခဲ့ပါတယ်။ နိုင်ငံရေးပိုင်းနဲ့ပတ်သက်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ် ခိုင်မာစေဖို့အတွက် တရုတ်နိုင်ငံအနေနဲ့ အမြဲတမ်းအားပေး ထောက်ခံတယ်လို့လည်း ကျွန်တော်တို့ ရရှိ ခဲ့ပါတယ်။ ပြီးရင်တော့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၊ ကမ္ဘောဒီးယား နိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံ ဝန်ကြီးချုပ်တွေနဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး၊ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေရရှိအောင် ဆွေးနွေးနိုင်ခဲ့ပါတယ်"ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ 
    နိုဝင်ဘာ ၈ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချုံချင့်မြို့သို့ ရောက်ရှိနေခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီဗဟို ကော်မတီအဖွဲ့ဝင်၊ ချုံချင့် မြူနီစီပယ်ပါတီ ကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် Yuzhou Hotel ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
    ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ ၇ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ပြုလုပ်သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး အပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် ထိုင်းနိုင်ငံဝန်ကြီးချုပ်  H.E. Ms. Paetongtarn Shi-nawatra နှင့် ကူမင်းမြို့ရှိ Wyndham Grand ဟိုတယ်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။ 
    ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် ခွဲခြား၍မရသည့် အိမ်နီးချင်း မိတ်ဆွေကောင်း နိုင်ငံများဖြစ်ပြီး တစ်နိုင်ငံ၏ အရေးကိစ္စသည် တစ်နိုင်ငံအပေါ် သက်ရောက်မှုရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ အလုပ်သမားဆိုင်ရာကိစ္စရပ် များ၊ နှစ်နိုင်ငံဝန်ကြီးဌာနအချင်းချင်းနှင့် ဌာနဆိုင်ရာ အချင်းချင်းတို့အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုနှင့် ချမှတ်ထားသည့် ဦးတည်ချက်များအတိုင်း အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ ကွန်းဈာန်

Total Views ~ 149

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43726

© 2022 - 2025 News. All Rights Reserved.