မြင်းခြံ၊ စက်တင်ဘာ ၁၁
ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည့် တောင်သာ၊ နွားထိုးကြီးနှင့် မြင်းခြံမြို့ အနီးတစ်ဝိုက်ရှိ တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးကြသည့် မြင်းခြံမြို့ဒေသခံများ ယခုအခါ ပြန်လည်ရောက်နေပြီဖြစ်ပြီး မြို့မှာ ပုံမှန်ပြန်လည် စည်ကားနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မြင်းခြံမြို့ အနီးတစ်ဝိုက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မြင်းခြံမြို့ဒေသခံများမှာ ပုပ္ပါးနှင့် ညောင်ဦးမြို့များသို့ တိမ်းရှောင်နေခဲ့ခြင်း ဖြစ်ကြောင်း မြင်းခြံမြို့ ပါ် ရပ်ကွက်တွင် နေထိုင်သူ တစ်ဦးကပြောသည်။
"မြို့ပေါ်ကတော့ ကောင်းတယ်။ တအားအကြီးအကျယ်တော့ မဖြစ်ဘူး။ အခု မြင်းခြံမြို့ပေါ်ကို လူတွေ ပြန်ရောက်လာကြပြီ။ အရင်လိုမဟုတ်တော့ဘူး။ ပြီးခဲ့တဲ့လက ဆိုရင် တဖြည်းဖြည်းလူတွေက ရှိကိုမရှိတော့တာ။ အများဆုံးကသူဌေးတွေ။ ညောင်ဦးတို့၊ ပုဂံတို့ သွားကြတာ။ တချို့က ရန်ကုန်သွားကြတယ်"ဟု ၎င်းင်းကပြောသည်။
အလားတူ သြဂုတ်လအတွင်းက ရန်ကုန်-မြင်းခြံ၊ မြင်းခြံ-မန္တလေးသို့ ပြေးဆွဲနေသည့် ခရီးသည်တင် လိုင်းကားများလည်း ပုံမှန်ပြန်လည် ပြေးဆွဲနေပြီ ဖြစ်ကြောင်း ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ပြောသည်။
"မြို့အပြင်ဘက် မန္တလေးဘက် ထွက်တဲ့ဘက်က နှစ်လမ်းရှိတယ်။ တစ်လမ်းက နွားထိုးကြီး ဘက်ကသွားတဲ့လမ်း၊ နောက်တစ်လမ်းက ဆီမီးခုံ-နဘူးအိုင်ဘက်က သွားတဲ့လမ်း။ နွားထိုးကြီးဘက် ထွက်တဲ့လမ်းက သွားမရဘူး ကြာပြီ။ ၈ ရက်ကလည်း အထွက်နားကရွာမှာ စစ်ကြောင်းထိုးရင်းနဲ့ ဖြစ်ကြသေးတယ်လို့ ကြားတယ်။ ရန်ကုန်ဘက်ကို ထွက်တဲ့နေရာမှာလည်း လွန်ခဲ့တဲ့ တစ်ပတ် လောက်က ဖြစ်သေးတယ်။ ညောင်ဦးဘက်ထွက်တဲ့ လမ်းကတော့ ကောင်းတယ်။ တချို့မန္တလေး ကားတွေ အဲဒီဘက်က ပတ်သွားတယ်။ တချို့ကတော့ တောင်သာလမ်းအတိုင်းသွားပြီး မလှိုင်ရောက်တော့မှ အမြန်လမ်းပေါ်တက်ပြီး သွားတယ်။ တချို့ကကျတော့ နဘူးအိုင်ဘက်က တံတားဦး လမ်းခေါ် တယ်။ အဲဒီဘက်က သွားတယ်။ တံတားဦးလမ်းဘက်ကသွားတာ နည်းတယ်။ မန္တလေး-မြင်းခြံ ကုန်ကားတွေနဲ့ လူစီးကား မန္တလေး-မြင်းခြံ တက္ကစီကားလေးတွေ တချို့တစ်ဝက်သွားတယ်။ သွားလည်း အဲဒီဘက်က ဓားပြချည်းအတိုက်ခံရတာ။ ခဏ ခဏ တိုက်ခံရတော့ တောင်ဘက်က ပတ် သွားကြတယ်။ မိထ္တီလာအထိ မသွားတော့ဘူး။ မလှိုင်ကနေ အမြန်လမ်းပေါ် တက် သွားတယ်။ ဖြစ်တော့ ဖြစ်နေကြတာပဲ။
လိုင်းကားတွေကတော့ ထွက်နေပြီ။ စဖြစ်တဲ့အချိန်ကတော့ ခဏနားထားကြတာ။ စီးမယ့်လူလည်း မရှိဘူးလေ။ ရန်ကုန်ကိုသွားတဲ့ ကားတွေလည်း ထွက်နေပြီ"ဟု ၎င်းကပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးတို့တွင် မြင်းခြံအထူးစစ်ဆင်ရေးအမည်ဖြင့် PDF အကြမ်းဖက်အုပ်စုများက သြဂုတ် ၁ ရက်မှ စတင်ကာ တိုက်ခိုက် နေခြင်းဖြစ်ပြီး တပ်မတော်နှင့်ဒေသခံပြည်သူ့စစ်အဖွဲ့များက လိုက်လံနှိမ်နင်းလျက်ရှိသည်။
ကွန်းဈာန်