Breaking

တိုင်းရင်းသားများ မတူညီသောဆန္ဒကို ရှေ့တန်းတင်နေမည်ဆိုပါက  ဆင်းရဲဒုက္ခများကို ဆက်လက်ရင်ဆိုင်နေရမည်ဟု နစကဥက္ကဋ္ဌ ပြောကြား

၂၀၂၄ ၊ ဇန်နဝါရီ ၁၆
    တိုင်းရင်းသားများအနေဖြင့် မတူညီသော မိမိတို့ ဆန္ဒများကို ရှေ့တန်းတင် ဆောင်ရွက်နေမည်ဆိုပါက အချင်းအချင်း အကြား မပြေလည်မှုများ၊ ပဋိပက္ခများဖြင့် တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများကို ဆက်လက် ရင်ဆိုင်နေရမည်ဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ  ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၁၅ ရက်က ကျရောက်သည့် (၇၂) နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာတွင် ထည့်သွင်းပြောကြားခဲ့သည်။ 
    အဆိုပါ သဝဏ်လွှာတွင် လက်ရှိနိုင်ငံအတွင်း ကြုံတွေ့နေရသော အခက်အခဲများနှင့် ကြမ်းတမ်းခက်ထန်မှုများအတွက် အဓိကကျသော အဖြေမှာ အမျိုးသားရင်ကြားစေ့ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေသော အခြေအနေများကို မှန်မှန် ကန်ကန်ရှုမြင်ပြီး ကောင်းကျိုးများ ဖြစ်ထွန်းလာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ထို့ အပြင် ယခုကာလတွင်လည်း ကယားပြည်နယ် အပါအဝင် အထူးသဖြင့် တိုင်းရင်းသားများ နေထိုင်ရာဒေသများတွင် လက်နက်ကိုင် တိုက်ပွဲများ ဖော်ဆောင်နေခြင်း၊ ဆူပူအကြမ်းဖက်၊ ဖျက်ဆီးနှောင့်ယှက်မှုများကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများ ဒုက္ခများစွာ ခံစားနေကြရပြီး နိုင်ငံအတွက် အန္တရာယ်များလာနိုင်သဖြင့် သက်ဆိုင်သူ အားလုံးနှင့် တိုင်းရင်းသား ပြည်သူအားလုံး အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် အလေးထား စဉ်းစားဆောင်ရွက်သင့်ပြီဖြစ်ကြောင်း အသိပေး ပြောကြားထားသည်။
    ထို့အပြင် ကယားပြည်နယ်တွင်လည်း အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ဒေသတွင်း တည်ငြိမ်နေမှုများ ပျက်ပြားအောင် ဆောင်ရွက်ခြင်း၊ မြို့ရွာများကို တိုက်ခိုက်ခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကုန်စည်စီးဆင်းမှု ပြတ်တောက်အောင် လမ်း၊ တံတားများကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း စသည်တို့အပြင် အများပြည်သူပိုင်မော် တော်ယာဉ်များ၊ အဆောက်အအုံများ၊ ဈေးများ ဖျက်ဆီးခြင်း၊ ဘုန်းကြီးကျောင်းများ၊ ကလေးသူငယ်များ ပညာသင်ကြားနေသော စာသင်ကျောင်းများ၊ ခရစ်ယာန်ဘာသာရေး ကျောင်းများ၊ ရုံးအဆောက်အအုံများ အစရှိသည်တို့ကို ဖျက်ဆီးခဲ့ခြင်းများသည် လွန်စွာမှ အကျည်းတန် ရုပ်ဆိုးလှပြီး ပြည်သူလူထု အတိဒုက္ခ ရောက်စေခြင်းကို ဖြစ်ပေါ်စေခဲ့ ကာ ထိုအခြေအနေများ၏ အကျိုးဆက်မှာ ကယားပြည်နယ်နှင့် ဒေသခံတိုင်းရင်းသားတို့၏ ကောင်းကျိုးကို ဖော်ဆောင်နိုင်မည်မဟုတ် သကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူအားလုံးအတွက် အန္တရာယ်ဖြစ်စေကြောင်း သတိ ထားဆင်ခြင်နိုင်ကြရန် လိုအပ်သည်ဟုလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ထည့်သွင်းပြောကြားသည်။
    ဆက်လက်၍ ပြည်ထောင်စုအရေး၊ နိုင်ငံရေးနှင့် တိုင်းရင်းသားပြည်သူ အားလုံး၏အရေးကို အလေးပေးကာ တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား ပြည်သူအားလုံးတို့က လက်တွဲညီစွာဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ဖြည့်စွက်ပြောကြားသည်။

 

Total Views ~ 163

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43953

© 2022 - 2025 News. All Rights Reserved.