2023 စက်တင်ဘာ ၁9
ကိုဗစ်ရောဂါကြောင့် သုံးနှစ်တာ ရပ်နားခဲ့ရသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၏ အစဉ်အလာမပျက် ကျင်းပခဲ့သည့် တောင်ကြီးတန်ဆောင်တိုင် ရိုးရာမီးပုံးပျံပွဲတော်အား ၂၀၂၃ ခုနှစ် ယခု နှစ်တွင် ပြန်လည်ကျင်းပပေးမည်ဖြစ်ရာ တန်ဆောင်တိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မီးပုံးပျံ ၆၃ လုံး လတ်တလော စာရင်းပေးသွင်းထားကြောင်း ရှမ်းပြည်နယ်ရိုးရာမီးပုံးပျံပညာ ရှင်များအသင်းမှ သိရ သည်။
အဆိုပါ ပွဲတော်မှာ ကိုဗစ် ၁၉ ရောဂါပြန့်ပွားမှုကြောင့် ၂၀၁၉ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ပြီး ၂၀၂၀၊ ၂၀၂၁၊ ၂၀၂၂ သုံးနှစ်တိုင် ရပ်နားထားခဲ့ပြီး ယခု အခါ ရိုးရာမပြတ် ပြန်လည်ကျင်းပနိုင်ရေး အတွက် စီစဉ်ရခြင်းဖြစ်ပြီး ညမီးကြီးမီးပုံးပျံ၊ စိန်နားပန်မီးပုံးပျံ နေ့လွှတ်အရုပ်၊ ခြေနှစ်ချောင်း၊ ခြေလေး ချောင်း အရုပ်အုပ်စုများ လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ကတော့ စတင်ပြီး ဖိတ်ခေါ်ထားပြီ။ ခုကာလမှာကတော့ ကုန် ဈေးနှုန်းအရ ရှမ်းစက္ကူရော၊ ယမ်းရောဈေး ကြီးပြီး ရှားနေတယ်ဆိုပေမယ့် ဝါသနာရှင် တွေကတော့ ရှိဆဲပဲလေ။ ကျန်တာတွေမပြော ချင်ပါဘူး။ ကျွန်တော်တို့ကတော့ ရိုးရာပဲလေ အကန့်ခွဲထားတယ်။ ရိုးရာမပြတ်ပြန် လည်ကျင်းပဖို့ အသင်းက ဦးဆောင်တဲ့သဘောပဲ။ ခုချိန်ထိတော့ ညမီးကြီး ၂၅ ပေက ၁၅ လုံး ရှိတယ်။ ညမီးကြီး ၂၂ ပေလုံးက ၂၃ လုံး ရှိမယ်။ စိန်နားပန်က ၂၅ လုံး စာရင်းပေး သွင်းထားပါတယ်"ဟု ရှမ်းပြည်နယ် ရိုးရာမီး ပုံးပျံပညာရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပါဝင်ဆင်နွှဲလိုသည့် မီးပုံးပျံ အသင်းအဖွဲ့များ ရှမ်းပြည်နယ်ရိုးရာ မီးပုံးပျံ ပညာရှင်အသင်းသို့ လာရောက်စုံစမ်းနိုင်ပြီး အသင်းတည်နေရာ အမှတ်(၇၉) ဘုန်းကြီး လမ်း တောင်ပိုင်းရပ် ကျောင်းကြီးစုရပ်ကွက် တောင်ကြီးမြို့ဖုန်း - ၀၉၉၆၀၀၄၈၆၈၆ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ ယခုနှစ် တန်ဆောင်တိုင်ပွဲတော် ကို နိုဝင်ဘာလ ၂၁ ရက်မှ ၂၇ ရက်အထိ ကျင်းပရန် လျာထား ကြောင်း သိရသည်။