ရန်ကုန်၊ စက်တင်ဘာ ၁၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ရှိ ရေဘေးသင့် ပြည်သူများအတွက် မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီမှ ဆေးဝါးနှင့်အစားအသောက်အသုံးအဆောင်ပစ္စည်း ကျပ်သိန်း ၂၇၀ တန်ဖိုး ရှိပစ္စည်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးကျော်စွာစိုးက "ရေဘေးအလှူက အခုမှလှူတာမဟုတ်ပါဘူး။ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း စတဲ့နေရာမှာဖြစ်လည်း လှူဒါန်းမှုတွေ ပြုလုပ်ပေးပါတယ်။ နိုင်ငံရေးပါတီတွေဆိုတာ တိုင်းသူပြည်သားရဲ့ အကျိုးကို၊ တိုင်းရေးပြည်ရေးကို စီမံခန့်ခွဲမှုရှိတာက နိုင်ငံတော်အစိုးရ၊ နိုင်ငံရေးပါတီတွေဆိုတာက တိုင်းရေးပြည်ရေးကို စီမံခန့်ခွဲဖို့ကြိုးစားနေတဲ့အဖွဲ့အစည်းပါ။ ဒါကြောင့် ပါတီထူထောင်ပြီးကတည်းက ကူညီလှူဒါန်းပေးတာ ဖြစ်ပါတယ်။ နောက်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း ဆောင်ရွက် ပေးဖို့လို အပ်ပါတယ်"ဟု ပြောကြားခဲ့သည်။
ပြည်သူများ၏ အခက်အခဲများနှင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်များကိုလည်း နိုင်ငံတော်သို့ ထပ်ဆင့်တင်ပြအကူအညီတောင်းခံပေးသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
တောင်ငူခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက "အခုလိုရေ ဘေးသင့်ပြည်သူတွေအတွက်အခုလို မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီက လာပြီးတော့လှူဒါန်းတဲ့အတွက်လည်း အထောက်အပံ့တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ အခုလက်ရှိလည်း တိုင်းအစိုးရ အစီအစဉ်တွေနဲ့ ပရဟိတအဖွဲ့ အကူအညီတွေနဲ့ ဆောင်ရွက်ရာမှာ အခက်အခဲမရှိပါဘူး။ အကုန်လုံး အဆင်ပြေပါတယ်"ဟု ပြောကြားခဲ့သည်။
တောင်ငူခရိုင်တစ်ခုလုံးတွင် ကယ်ဆယ်ရေး စခန်း ၁၀၀ ကျော်ခန့်ဖွင့်လှစ်၍ တာဝန်ရှိသူများနှင့် ပရဟိတအဖွဲ့များက ရေဘေးသင့်ပြည်သူများအတွက် နေ့စဉ်ချက်ပြုကျွေးမွေးရေး၊ ရေရရှိရေး စသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသောကြောင်း၊ ပါတီအနေဖြင့်လည်း လှူဒါန်းမှုတန်ဖိုး စုစုပေါင်း သိန်း ၂၇၀ ကျော်တန်ဖိုးလှူဒါန်းပြီး မကြာမီ မန္တလေးမြို့ ဝမ်းတွင်း ရေဘေးသင့်ပြည်သူများအတွက်ကို လည်း ထပ်မံသွားရောက်လှူ ဒါန်းသွားမည်ဖြစ်ကြောင်း၊ အခြားသော တိုင်းနှင့်ပြည်နယ်များရှိ ရေဘေးသင့်ပြည်သူများပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက်လည်း ဆက်လက်ကူညီဆောင်ရွက် သွား မည်ဖြစ်ကြောင်း သိရသည်။ သက်မှူး