၂၀၂၃၊ အောက်တိုဘာ ၃၀
ချင်းပြည်နယ် ထန်တလန်မြို့ကို သီတင်းကျွတ်လပြည့်နေ့ ညနေပိုင်းတွင် ထိန်းချုပ်ထားနိုင်ခဲ့ ပြီဖြစ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ် ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီမှစ၍ မြို့လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိသည့် တပ်မတော်စစ်ကြောင်းနှင့် မြို့နယ်အဆင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အလစ်အငိုက်တွင် သာလွန်အင်အားဖြင့် ထန်တလန်မြို့ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခုခံသော်လည်း ရာသီဥတုအခြေ အနေနှင့် နယ်မြေအခြေအနေအရ မြို့၏တောင်ဘက်အစွန်နေရာသို့ ခေတ္တဆုတ်ခွာ ခံစစ်ဆင်နွှဲခဲ့ ရသေးကြောင်း၊ ထန်တလန်မြို့ကိုလည်း ထိန်းချုပ်ခံထားရကာ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဝိုင်းဝန်း ပိတ်ဆို့လျက် သီးမြစ်ချောင်းကူးတံတားအထိ တဖြည်းဖြည်း ခြိမ်းခြောက်လာခဲ့သဖြင့် တပ်မတော် စစ်ကြောင်းများက သြဂုတ်လမှ စတင်ကာ ပထမအဆင့်အနေဖြင့် ဟားခါးမြို့မှ လေးမိုင်ခန့် ကွာဝေး သည့် သီးမြစ်ချောင်းကူးတံတားအထိ ကနဦးခြေကုပ်ရယူ တိုက်ခိုက် သိမ်းပိုက်၍ လည်းကောင်း၊ ဒုတိယအဆင့် အနေဖြင့် သီးမြစ် ချောင်းကူးတံတားမှတစ်ဆင့် ထန်တလန်မြို့အဝင် နေရာထိလည်းကောင်း၊ တတိယအဆင့်အနေဖြင့် ထန်တလန်မြို့နယ် ပြည်သူ့ဆောက်လုပ်ရေးရုံးနှင့် CB Bank နေရာအထိလည်းကောင်း၊ စတုတ္ထနှင့် နောက်ဆုံးအဆင့်အဖြစ် ထန်တလန်မြို့ ဆေးရုံကုန်းနှင့် အခြေခံပညာအထက်တန်းကျောင်းတို့သို့လည်းကောင်း အဆင့်ဆင့် တိုက်ခိုက်သိမ်းပိုက် ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ထန်တလန်မြို့အတွင်းမှ ဒေသခံများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ ဆက်ကြေးပေးရခြင်း၊ လူနေအိမ်များနှင့် နိုင်ငံပိုင် အဆောက်အအုံများ ဖျက်ဆီးခြင်း၊ မီးရှို့ခံရ ခြင်းများလည်းရှိခဲ့ကြောင်း၊ အစိုးရ၏ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေရန် ဌာနဆိုင်ရာ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းပေါ်ရှိ တံတားများကို ဖောက်ခွဲဖျက်ဆီးခြင်း စသည်တို့ကို ကျူးလွန် နေသော အဖွဲ့များကိုတပ်မတော်က အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်ရေး (Counter- Terrorism Operation) ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တပ်မတော်က အဆင့်သုံးဆင့်ဖြင့် စနစ်တကျတိုက်ခိုက် ဆောင်ရွက်ခဲ့ပြီး ရက်ပေါင်း ၉၀ ခန့်အကြာ အောက်တိုဘာလ ၂၉ ရက်(သီတင်းကျွတ်လပြည့်နေ့)တွင် ထန် တလန်မြို့ တစ်မြို့လုံးကို အပြီးတိုင်ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ယခုအခါ လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့ပတ်ဝန်း ကျင်တစ်ဝိုက် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကာ ယိုယွင်းပျက်စီးခဲ့ရသည့် ထန်တလန်မြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက်ပေး နိုင်ရေး စီမံနေကြောင်း သိရသည်။
ယခုလ အောက်တိုဘာလ ၂၇ ရက်မှစတင်၍ KIA ၊ MNDAA ၊ TNLA ပူးပေါင်းထားသည့် လက်နက်ကိုင်အဖွဲ့အစည်းများက ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် အရှေ့မြောက်ဒေသရှိ လားရှိုး၊ သန္နီ၊ ကွတ် ခိုင်၊ မူဆယ်၊ ကြူကုတ်၊ မုံးကိုး၊ ဖောင်းဆိုင် ဒေသများ၊ ကွမ်လုံ၊ ချင်းရွှေဟော်နှင့် လောက်ကိုင် စသည့် နယ်စပ်ဒေသများသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက် ခိုက်သောကြောင့် ယခုအခါ အပြန်အလှန် ထိတွေ့တိုက်ခိုက်မှုများ ပြင်းထန်စွာ ဖြစ်ပွား လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။