၂၀၂၄ ၊ ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံအနေဖြင့် ထိုင်ဝမ် (တရုတ်-တိုင်ပေ)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ခွဲထွက်၍မရသော အစိတ်အပိုင်း တစ်ခုအဖြစ်မှတ်ယူထားပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်ထောက်ခံကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဇန်နဝါရီ ၁၅ ရက်တွင်သတင်း ထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၁၃ ရက်တွင် ထိုင်ဝမ်ကျွန်း၌ကျင်းပသည့် သမ္မတနှင့်လွှတ်တော်ရွေးကောက်ပွဲအပြီးတွင် ထိုင်ဝမ်(တရုတ်-တိုင်ပေ)ဒေသ ဖြစ်ပေါ်တိုးတက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားအမြင်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ အထက်ပါအတိုင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအနေဖြင့် ထိုင်ဝမ်ဒေသလွတ်လပ်ရေးအတွက် ခွဲထွက်ရေးဆောင်ရွက်ချက်များနှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်သော ဆောင်ရွက်ချက်များအား ဆန့်ကျင်ကြောင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်ဝမ်(တရုတ် - တိုင်ပေ)တို့ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေးကို အားပေးထောက်ခံကြောင်း ဘောထားအမြင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းကောင်း ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကိုဆက်လက် ထိန်းသိမ်းလျက် တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy)ကို တစိုက်မတ်မတ် ထောက်ခံလျက်ရှိကြောင်း ထပ်လောင်း အတည်ပြုအပ်သည်ဟု ဖော်ပြပါရှိသည်။