ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ သက်တမ်းကုန် CI စာအုပ်လဲလှယ်ရေး စခန်းများဖွင့်လှစ်မည်

ရန်ကုန်၊ အောက်တိုဘာ ၃၀
    ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ ကိုင်ဆောင်ထားသည့် မည်သူ့မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် သက်တမ်းကုန်၊ သက်တမ်းမပြည့်မီသော CI စာအုပ်အဟောင်းများအား CI စာအုပ်အသစ် လဲလှယ်နိုင်ရေး စခန်းဖွင့်လှစ် ဆောင်ရွက်နိုင်ရန် နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်လျက်ရှိသောကြောင့် လဲလှယ်ရမည့်နေရာအား ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
    မြန်မာသံရုံးမှ ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများသို့ အသိပေးချက်ထုတ်ပြန်ရာတွင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသော မြန်မာလုပ်သားများအား ထိုင်းနိုင်ငံအစိုးရအဖွဲ့၏ ၂၄-၉-၂၀၂၄ ရက်၌ ထုတ်ပြန်ခဲ့သော အတည်ပြုဆုံးဖြတ်ချက်အရ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသားအလုပ်သမားဖြစ်စေ၊ တရားဝင်ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိပြီးမှ သက်တမ်းကုန်သွားသူများ ဖြစ်စေ၊ တရားဝင် ဝင်ရောက်လာခဲ့သော်လည်း ခွင့်ပြုချက်မရဘဲ တရားမဝင် အလုပ်လုပ်ကိုင်နေသူဖြစ်စေ ထိုင်းနိုင်ငံတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထား နိုင်သည်။ ခွင့်ပြုချက်ရရှိပြီးပါက ထိုင်းနိုင်ငံတွင်း၌ တစ်နှစ်နေထိုင်အလုပ်လုပ်ကိုင်နိုင်မည်။ MoU လုပ်သားများကဲ့သို့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် နိုင်ငံကူးလက်မှတ် (သို့မဟုတ်) မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ကိုင်ဆောင်ထားသော အလုပ်လုပ်ကိုင်ခွင့်ပါမစ် သက်တမ်းတိုးမည့် နိုင်ငံခြားသား အလုပ်သမားများအား ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် စီမံချက်ဖြစ်ရာ ဆက်လက်၍ ၂ နှစ်သက်တမ်းရှိသော ထိုင်းနိုင်ငံတွင်း ယာယီနေထိုင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားနိုင်သည်။ ဆက်လက်၍ ၂ နှစ်သက် တမ်းတိုးခွင့်ရှိပြီး စုစုပေါင်းလေးနှစ် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
    ထို့အပြင် နိုင်ငံခြားသားအလုပ် သမားများအတွက် အဆင်ပြေချောမွေ့စေရန် ထပ်မံဖြည့်စွက်သော စီမံချက်အနေဖြင့် အလုပ်ဟောင်းမှထွက်ပြီး အလုပ်ရှင်သစ် ရှာဖွေနိုင်သည့် အချိန်ကာလကို ယခင်က ရက် ၃၀ သတ်မှတ်ထားရာမှ ရက်ပေါင်း ၆၀ တိုးမြှင့်သတ်မှတ်ပေးခြင်းတို့အပြင် အလုပ်ရှင်အသစ် ထပ်တိုးခြင်း သို့မဟုတ် အလုပ်ရှင်အသစ်ပြောင်းခြင်းကိုသာ ဖြည့်စွက်ရန်ဖြစ်ပြီး အလုပ်ခန့်ထားမှုဆိုင်ရာ အချက်အလက်များကို မှတ်ပုံတင်အရာရှိထံသို့ တင်ပြခြင်းကိုလည်း ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း သိရသည်။
    ထို့ကြောင့် MoU သက်တမ်းကုန်နေသော မြန်မာလုပ်သားများအနေဖြင့် မိမိ၏ နိုင်ငံကူးလက်မှတ်တွင် သက်တမ်းအနည်းဆုံး နှစ်နှစ်ခန့်ကျန်ရှိရေး၊ CI စာအုပ်ကိုင် ဆောင်ထားသူများအနေဖြင့်လည်း သက်တမ်းနှစ်နှစ်ခန့် ကျန်ရှိစေရေး ပြုလုပ်ထားရန် လိုအပ်ကာနိုင်ငံကူးလက်မှတ်အ သစ်များ လဲလှယ်ခြင်းကို မြန်မာသံရုံး (ဘန်ကောက်)နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်)တို့၌ ဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 285

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43735

© 2022 - 2025 News. All Rights Reserved.