၂၀၂၃ စက်တင်ဘာ ၆
ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် သက်တမ်းကုန်နေသော်လည်း နိုင်ငံကူးလက်မှတ်နှစ်နှစ်နှင့် အထက် ကျန်ရှိနေသူများကို ယခုအခါ MoU/U-Turn စနစ်ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက် အလုပ် လုပ်ကိုင်နိုင်ရန်အတွက် ယခင်ကကဲ့သို့ ရန်ကုန်မြို့အထိ ပြန်သွားရန်မလိုအပ်ဘဲ မြဝတီမြို့နှင့်ကော့သောင်းမြို့များသို့ ပြန်လည်ဝင်ရောက်စေပြီး One Stop Service စနစ်ဖြင့် ထိုင်းနိုင်ငံ လုပ်ငန်းခွင်အသီးသီးသို့ ရက်တိုတိုနှင့် ပြန်လည်ဝင်ရောက်နိုင်မည့် လုပ်ငန်းစဉ်ကို မကြာမီ ဆောင်ရွက်ပေးတော့ မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံးမှ သိရသည်။
ထိုင်းနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာလမတိုင်မီ MoU အစီအစဉ်ဖြင့် ရောက်ရှိနေသူများသည် ကိုဗစ်-၁၉ ကာလလွန် မြောက်ချိန်၌ မြန်မာသံရုံး(ဘန်ကောက်)နှင့် ကောင်စစ်ဝန်ချုပ်ရုံး (ချင်းမိုင်)တို့တွင် နိုင်ငံကူးလက်မှတ်များကို သက်တမ်းတိုးကာ ထိုင်းနိုင်ငံအတွင်း ဆက်လက်နေထိုင်အလုပ် လုပ်ကိုင်လျက်ရှိရာ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် သက်တမ်းကုန်နေသော်လည်း နိုင်ငံကူးလက်မှတ် နှစ်နှစ်နှင့်အထက် ကျန်ရှိနေသူများကို ယခုအခါ MoU/U-Turn စနစ်ဖြင့် ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် အထက်ပါ လုပ်ငန်းစဉ်ကို မကြာမီကာလ၌ ဆောင်ရွက် ပေးသွားမည်ဖြစ်သောကြောင့် လုပ်ငန်းခွင်၏ HR Manager များ၊ တာဝန်ရှိသူများသို့ အသိပေးထားကြရန် ထုတ်ပြန်ထားသည်။ စတင်ဖွင့်လှစ်မည့် ရက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်ကို ထပ်မံအသိပေး သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် MoU လေးနှစ်ပြည့် မြန်မာအလုပ်သမား များနှင့် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်စာအုပ် ကိုင်ဆောင်သည့် မြန်မာအလုပ်သမားများအနေဖြင့် မြန်မာသံရုံး၊ ဘန်ကောက်မြို့၌ နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ဆောင်ရွက်ရာတွင် OWIC ကတ်တန်ဖိုး ဘတ် ၂၅၀ အား သြဂုတ်လ ၁၈ ရက်မှစတင်၍ ကောက်ခံခြင်းမပြုဘဲ နိုင်ငံကူးလက်မှတ်စာအုပ်ဖိုး ဘတ် ၁၂၅၀ သာကောက်ခံသွားမည်ဖြစ်ကြောင်း အသိ ပေးထားသည်။
မြန်မာအလုပ်သမားများ အနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ၍ ပြည်ပသို့ ပြန်လည်ထွက်ခွာသည့် အချိန်မှသာ OWIC ကတ်အား သက်ဆိုင်ရာ အလုပ်သမားရုံးများ၌ လျှောက်ထားရန်ဖြစ်ကြောင်း အသိပေးထားသည်။