Breaking

ထိုင်းရောက် အထောက်အထားမဲ့ မြန်မာ လုပ်သား ကိုးသိန်းခန့်ကို CI စာအုပ်ထုတ် ပေးတော့မည်

၂၀၂၄  ဇန်နဝါရီ ၂
    ထိုင်းအလုပ်ရှင်များမှ အမည်စာရင်း တင်သွင်းထားသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ကိုးသိန်းနီးပါးခန့်အား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) နှင့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ အလုပ်သမား သက်သေခံကတ် (OWIC) ထုတ်ပေးနိုင်ရေး မြန်မာ-ထိုင်း နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးချက်အရ CI ထုတ်ပေးနိုင်ရေး စခန်းငါးခုနှင့် Mobile Unit သုံးခု ဖွင့်လှစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်က ပြောသည်။
    ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများအား CI နှင့် OWIC ထုတ်ပေးရခြင်းမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ရရှိစေရန် ရည်ရွယ်၍ ထုတ်ပေးရခြင်းဖြစ်ပြီး ထို့သို့ တရားဝင်အလုပ် လုပ်ကိုင်ခွင့်ရရှိပါက အလုပ်သမားအခွင့်အရေးများ အပြည့်အ၀ ရရှိခြင်း၊ ထိုင်းနိုင်ငံ၏ လူမှုဖူလုံရေး အကျိုးခံစားခွင့်များရရှိခြင်း၊ ထိုင်းနိုင်ငံမှ သတ်မှတ်ထားသည့် အနည်းဆုံးလုပ်ခလစာ ရရှိခြင်း စသည့် အခွင့်အရေးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။
    တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် CI နှင့် OWIC ပြုလုပ်မည့် အလုပ်သမားများသည် ၎င်းင်းတို့ရရှိသည့် လုပ်ခလစာများထဲမှ တရားဝင်နေထိုင်အ လုပ်လုပ်ကိုင်ခွင့် ရရှိရေးအတွက် ငွေကြေးအကုန်အကျခံ၍ ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် စေတနာထား၍ ဆောင်ရွက်ပေး ရန်လိုအပ် ကြောင်း၊ မိမိတို့၏လုံခြုံရေးအား ဂရုပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ တာ ဝန်ထမ်းဆောင်ရာတွင် ပေါ့ဆမှုကြောင့် စက်ပစ္စည်းများနှင့် Consumable ပစ္စည်းများ ပျက်စီးခြင်း မဖြစ်စေရေး၊ သုံးစွဲရမည့် စက်ပစ္စည်းများ အစဉ်ကောင်းမွန်နေစေရေး၊ စက်ပစ္စည်းများ သတ်မှတ်နှုန်းထားများအတိုင်း ထွက်ရှိစေရေးနှင့် သုံးစွဲမှုများအား စနစ်တကျမှတ်ပုံတင်နိုင်ရေး အလေးထား ဆောင်ရွက်ရန်ပြည် ထောင်စုဝန်ကြီးကပြောကြားထားသည်။
    ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် အလုပ်သမားများအား ဥပဒေနှင့်အညီ Work Permit နှင့် ဗီဇာရရှိစေရေး၊ တရားဝင်အလုပ် သမားများ၏ အခွင့်အရေးများ ရရှိခံစားနိုင်စေရေး၊ မြန်မာနိုင်ငံသို့ ပြန်ရန်မလိုဘဲ ထိုင်း နိုင်ငံအတွင်း၌ အထောက်အထားရရှိစေရေး ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ကုန်ကျစရိတ်နှင့် အချိန်ကုန်သက်သာစေရန်အတွက် CI စာအုပ်ထုတ်ပေးခြင်း လုပ်ငန်းစဉ်အား ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ CI စခန်းများအား ထိုင်းနိုင်ငံ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချွန်ဘူရီ၊ ပထုန်ဌာနီတို့တွင် လည်းကောင်း၊ Mobile Unit  များအား ဆုန်ခလာ၊ ချင်းမိုင်နှင့် နခွန်စဝမ်တို့တွင် လည်း ကောင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ပထမ အပတ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Total Views ~ 175

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43945

© 2022 - 2025 News. All Rights Reserved.