ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ ထောင်ဒဏ်ပြစ်ဒဏ်ကို ထိုင်းဘုရင်လျှော့ပေါ့ပေး

၂၀၂၃ စက်တင်ဘာ ၃

မကြာသေးခင်ကမှ ပြည်ပမှာ ဆယ်စုနှစ်တစ်စုကျော်ကြာ တိမ်းရှောင်ရာကနေ ပြည်တော်ပြန်လာတဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရဲ့ထောင်ဒဏ် ပြစ်ဒဏ်(၈)နှစ်ကို (၁)နှစ်အထိ ထိုင်းဘုရင် ဗာဂျီရာလောင်ကွန်းက လျှော့ပေါ့ပေးလိုက်ပါတယ်။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့က သက်ဆင်ဟာ ဘုရင့်လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ မေတ္တာရပ်ခံလွှာ တင်သွင်းထားတယ်လို့ ထိုင်းတရားရေးဝန်ကြီးက အတည်ပြုပြောဆိုခဲ့ပါတယ်။

အဲဒီနောက် သောကြာနေ့မှာ ထိုင်းဘုရင် ဗာဂျီရာလောင်ကွန်းက ပြစ်ဒဏ်(၈)နှစ်ထဲကနေ (၇)နှစ်တိတိကို လျှော့ပေါ့ ပယ်ဖျက်ပေးခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းတော်ဝင် မော်ကွန်းတိုက်ရဲ့ ထုတ်ပြန်ချက်မှာ ထိုင်းဘုရင် မင်းမြတ်က သက်ဆင်ရဲ့ အသနားခံလျှောက်ထားချက်ကို အသိအမှတ်ပြုပြီး ကောင်းမြတ်သော စိတ်စေတနာ တော်အားဖြင့် အကျဉ်းသား သက်ဆင်ရှင်နာဝပ်ထရာရဲ့ ထောင်ဒဏ်ပြစ်ဒဏ်ကို (၁)နှစ်အထိ လျှော့ပေါ့ ပေးလိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် သက်ဆင်ရဲ့ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ခဲ့မှုတွေ ၊ ဘုရင်မင်းမြတ်အပေါ် သစ္စာစောင့်သိမှုနဲ့ အရင်က သူရဲ့ လုပ်ရပ်တွေအပေါ် နောင်တရပြီး အပြစ်ဝန်ချခဲ့တာတွေကို ထောက်ထားပြီး သက်ညှာပေးခဲ့တာလို့လည်း ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ သက်ဆင်ဟာ ပြည်ပမှာ ဆယ်စုနှစ်တစ်စုကျော်ကြာ တိမ်းရှောင်နေခဲ့ပြီးမှ ပြီးခဲ့တဲ့ အပတ်က ထိုင်းနိုင်ငံကို ပြန်ရောက်ရှိလာခဲ့တာပါ။ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ကို သက်ဆင် ရောက်ရောက်ချင်း နာရီပိုင်းအတွင်းမှာပဲ တရားရုံးချုပ်ကို ခေါ်ဆောင်သွားခံရပြီး သူ့အပေါ်စွဲဆိုထားတဲ့ အမှု(၃)မှုအတွက် ထောင်ဒဏ် (၈)နှစ်ချမှတ်ခံရတာဖြစ်ပါတယ်။

Total Views ~ 168

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43786

© 2022 - 2025 News. All Rights Reserved.