Breaking

ထူးမြတ် အရူးကွက် နင်းနေသည်

၂၀၂၃ ဒီဇင်ဘာ ၂၈
    ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကြီးဟုသည့် ကမ္ပည်းရေးထိုးထားသော မုခ်ဦးကြီးအတွင်းသို့ ဝင်လိုက်သည်နှင့် ခမ်းနားထည်ဝါလှသော စင်မြင့် ကြီးထက်တွင် ဆလိုက်မီးရောင်များ တဖျပ်ဖျပ် တောက်ပနေပြီး သံစုံတီးဝိုင်းကြီးကလည်း မြန်မာ့ရုပ်ရှင်သီချင်းကို ညီညွတ်စွာ တီးခတ်နေကြသလို အခမ်းအနားအကြို အဖွင့်တေးအဖြစ် အနုပညာရှင်အချို့က သီဆိုနေကြသည်။
    "မြန်မာ့ မြန်မာ့ရုပ်ရှင် လူမျိုးဂုဏ်အင် တိုးတက်မှုအစဉ် အရာရာနှိုင်းယှဉ် မြန်မာ့ မြန်မာ့ ရုပ်ရှင် နိုင်ငံဂုဏ်အင် သုခုမတွင် ပေါ်လွင်ခဲ့အစဉ်"
    "ဟိုယခင်က စင်မြင့်ထက်မှာ ကပြခဲ့တာ သဘင်စက်မှုအရာ ပညာဆက်လို့ ရုပ်ရှင်အတတ်သို့ အလျင် ဖလင်ကော်ပြားဇာတ်ကားအဖြစ်ကို လှမ်းတက်ခဲ့ရာတွင် အကျိုးရှိအောင် ဖျော်ဖြေရင်းနဲ့ အသိဉာဏ်ပေးခဲ့ အစဉ်သဏ္ဌာန်လုပ်ရာတွင် အမှန်သရုပ်သာထင်သဘာ၀ အစုံအလင် ပြသခဲ့တာပင်"
    ၂၀၂၄ နှစ် အကယ်ဒမီဆုပေးပွဲကြီးက ထူးထူးခြားခြားအဖြစ် ထိတ်ထိတ်ကြဲ ရုပ်ရှင်ဇာတ်ကား ကြီးများ ရုံတင်ထားသလို သရုပ်ဆောင်များ အားလုံးကလည်း အပိုအလိုမရှိ သရုပ်ဆောင်ကောင်းကြသည်။ ဒါကြောင့် ယခင်နှစ်များအတိုင်း အကယ်ဒမီ ရွှေစင်ရုပ်တုကြီးကို မည်သူမည်ဝါ ရမည်ဟူသော ခန့်မှန်းချက်များ မထွက်ပေါ်ခဲ့သလို ပရိသတ်ကလည်း ဘယ်အနုပညာရှင်က ရနိုင်သလဲဆိုတာ မခန့်မှန်းနိုင်အောင် ဖြစ်နေကြသည်။ ဒါကြောင့်လည်း အကယ်ဒမီပေးပွဲကြီး စတင်လိုက်ပြီဆိုသည်နှင့် အကယ်ဒမီဆုရှင်ကို ထိုးပြရမည့်မီးမောင်းကြီးကလည်း ဓာတ်ဆီဆိုင် ပတ်ရှာသည့် ကားများသဖွယ် ပျားပန်းခပ်နေသည်။ အနုပညာရှင်များကလည်း သူရမည်၊ ငါရမည်နှင့် တစ်ယောက်နဲ့တစ်ယောက် မခေါ်နိုင်၊ မပြောနိုင်ဖြစ်နေကြသည့် မြင်ကွင်းကိုလည်း ရုပ်မြင်သံကြား ဖန်သားပြင်ကနေ တိုက်ရိုက်မြင်နေရသည်။
    ဒီနှစ် အကယ်ဒမီဆန်ခါတင် ဇာတ်ကားအမည်များကလည်း ထူးခြားစွာလွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော် တော်လှန်ရေးကာလက ရုပ်ရှင်ဇာတ်ကားများနှင့် အလွန် ဆင်တူနေပြီး နာမည်များကအစ ဆင်တူနေသည်။ ဟိုးဆရာ၊ ကံကောင်း၊ ဖြတ်စား၊ လေပတ်ကား၊ စိတ်ကြီးဝင်နေတဲ့မိန်းမစသဖြင့် တိုက်တိုက်ဆိုင်ဆိုင် တူနေကြသည်။ ဒါကလည်း မြန်မာ့ရုပ်ရှင် တစ်ခေတ် ဆန်းလာတာကြောင့် အတိတ်က ဇာတ်ကားကောင်းများကို ပြန်လည်ရိုက်ကူးတာဖြစ်နိုင်သလို နာမည်လေး နည်းနည်းပြောင်းကာ မူလဇာတ်လမ်းကျောရိုးမပျက် ဗားရှင်းအသစ်ဖြင့် ပြန်လည်ရိုက်ကူးထားတာလည်း ဖြစ်နိုင်သည်။
    ရုပ်ရှင်ထူးချွန်ဆုပေးပွဲတို့၏ ထုံးစံအတိုင်း ရှေ့ပိုင်းက မိန့်ခွန်းပြောဆိုပြီး ပရိသတ်စိတ်အဝင်စား ဆုံးအပိုင်းဖြစ်သည့် ထူးချွန်ဆုပေးပွဲ အချိန်သို့ရောက်ရှိလာ ပြီဖြစ်သည်။ ရောင်စုံစလိုက်မီးများက EPC က  မီးဖြတ် လိုက်သည့်သဖွယ် အမှောင်အတိကျသွားပြီး ဆုရှင်ကို ထိုးပြမည့် မီးမောင်းကြီးက အနုပညာရှင်များ၏ အနီးတစ်ဝိုက် ဝှေ့ယမ်းနေသည်။
  
 "၂၀၂၄ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အခမ်းအနား အစီအစဉ်အရ ယခုနှစ်အတွက်အကောင်းဆုံး ရုပ်ရှင်ဇာတ်ပို့ဆုကို ဖွင့်ဖောက်ကြေညာတော့မှာဖြစ်ပါတယ်"ဆိုသည့် အသံအဆုံး မီးကိုရေနဲ့ငြှိမ်းလိုက်သလို ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး ကြေညာသူက စာအိတ်ကို တုန်တုန်ယင်ယင်ဖြင့် ဖောက်ကာ ဆုရသူကို တစ်လုံးချင်းကြေညာလိုက်သည်။
    "
၂၀၂၄ ခုနှစ် အကောင်းဆုံးအမျိုးသား ဇာတ်ပို့ဆု  ဈော်ဝေဇိုး ဇာတ်ကားအမည် ဟိုးဆရာ"ဟု ကြေညာသံအဆုံး အနုပညာရှင်များက ဆုရသူကို ပြေးကြဖက်ကြပြီး အကောင်းဆုံး ပြကွက်တွေကို ထုတ်နုတ်ပြသလေတော့သည်။
    "သရုပ်ဆောင် ဈော်ဝေဇိုးဟာ ဟိုးယခင် တော်လှန်ရေးကာလ ပြည်ပြေးလေး တစ်ယောက်အဖြစ် သရုပ်ဆောင်ရာမှာ ဆရာဝန်ဟူသော ဂုဏ်ပုဒ်ကို ဘေးချ၊ အမေရိကားမှာ ငါးကြော်ရောင်း ဝမ်းစာရှာ၊ လောကဒဏ်ကို နင်လားဟဲ့စိန်ခေါ်၊ သားသမီးတွေပညာရေးအတွက် ပြည်ပမှာကျောင်းထား မိသားစုလိုက်ရုန်းကန်ရင်း၊ တစ်ဖက်ကလည်း အမိမြေကို လွမ်းဆွတ်တမ်းတ၊ တစ်ခါတစ်ရံ အိမ်ပြန်ကြစို့ ကဗျာတွေရေး၊ အိမ်လွမ်းနာ ကျ  အဖျားတွေတက်ပြီး ကယောင်ကတမ်းနဲ့ "ငါတို့နိုင် ပြီ မင်းတို့ရှုံးပြီ၊ ပိုညီညွတ်ပါ၊ ပိုစည်းလုံးပါ၊ ပိုအလုပ်လုပ် ပါ၊ ပိုကြိုးစားပါ ပိုပြီးအာရုံစိုက်ပါ"ဟု ရေရွတ်နေသူအဖြစ် တစ်ဖုံ။ တစ်ဖက်ကလည်း မနိုင်မှန်းသိလျက်နဲ့ ငါတို့နိုင်တော့မှာလို့ ကြွေးကြော်၊ အရေးတော်ပုံအောင်ရမည်ဟု အော်ဟစ်ရင်း၊ စိတ်တွေ ဂယောင်ချောက်ချားဖြစ်ဖွယ် ဇာတ်ရုပ်ကို အပိုအလိုမရှိ ကွက်တိသရုပ်ဆောင် သနားသူတွေက သူ ရောဂါသက်သာစေဖို့"ဟိုးဆရာ"လို့ တားယူရတဲ့အထိ သရုပ်ဆောင်ကောင်းတာကြောင့်အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ထိုက်ထိုက်တန်တန်ရရှိသွား တာဖြစ်ပါတယ်"ဟု ကြေညာလိုက်သည်။
    ထပ်မံ၍ အမျိုးသမီးဇာတ်ပို့ ဆုရရှိသွားသူကို ကြေညာရာတွင် "စိတ်ကြီးဝင်နေတဲ့မိန်းမ" ဇာတ်ကားနဲ့ ဇာတ်ပို့သရုပ်ဆောင် ဈင်မာသြောင်က ရရှိသွားသလို အကောင်းဆုံးဇာတ်ကွက်တွေကို ထုတ်နုတ်ပြသရာ "သရုပ်ဆောင် ဈင်မာသြောင်ဟာ စိတ်ကြီးဝင်နေတဲ့ မိန်းမအမည်ရ တော်လှန်ရေး ဇာတ်ကားကြီးမှာ ဖက်ဒရယ်စနစ်ကို သူပေးမှရမယ်ဆိုတဲ့စိတ်နဲ့ မာန်တင်းကာ သရုပ်ဆောင်ဟန်၊ နိုင်ငံတကာမှာ တော်လှန်ရေးအဖွဲ့ကြီး နေရာရရေး လူတကာ အောက်ကျို့ဖို့ဝင်မလေးတဲ့ မိန်းမအဖြစ် သဏ္ဌာန်လုပ်သရုပ်တူအောင် ဇာတ်လမ်းစလယ် ဆုံး အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ၂၀၂၄ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ ဆုကို ရရှိသွားတာဖြစ်ပါတယ်"
    ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း (လက်ခုပ်သံများ)
    ထပ်မံကြေညာပေးမှာကတော့ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆု ဟုဆိုကာကိုဖွင့် ဖောက်ကာ ကြေညာလိုက်သည်။ အကောင်းဆုံးတေးဂီတဆုကို ကံကောင်း ရုပ်ရှင်ဇာတ်ကားနဲ့ ဂီတပညာရှင်နှစ်ဦးဖြစ်ကြတဲ့ ဠင်းဠင်းနဲ့ ဂျစ်ဂုဆွေတို့ရရှိသွားပြီး  အချိန်ကို ငဲ့ကွက်ကာ အကောင်းဆုံး ဇာတ်ကွက်တွေ ထုတ်နုတ်ပြသရာ "ကံကောင်း ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်ဇနီး မောင်နှံနှစ်ယောက် လူတကာ အမေရိကားရောက်ချိန် တောထဲမှာ ဒုက္ခတွေရောက်၊ အမေရိကားရောက်ရေးတို့ အရေးဟု ကြွေးကြော် ရန်ကုန်မှာ ပြန်ဆုံချင်သော်လည်း ဘဝပေးအခြေအနေက နယူးယောက်မှာ ပြန်ဆုံဖို့သာမြင်တော့ ဇာတ်လမ်းအတိုအထွာလေးတွေရိုက် လက်သုံးချောင်း တည့်မတ်အောင် ထောင်းရင်း နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုသလို အချိန်တွေကြာပြီးမှ ကံကောင်းစွာ အမေရိကားကို ရောက်သွားပုံကို ပုံဖော်ရိုက်ကူးထားပြီး ဇာတ်လမ်းနဲ့ အံဝင်ခွင်ကြဖြစ်အောင် နောက်ခံတေးဂီတကို "အမှန်တရားဖော်ထုတ်ကြမယ် အမေရိကားဘက်မှာ ငါတို့ရပ်တည်မည်"ဆိုတဲ့ သီချင်းကို ရေးသားခဲ့တာ ကြောင့် အကောင်းဆုံး တေးဂီတဆုကို ရရှိသွားတာပါရှင်"ဟု ကြေညာသံဖြင့် အဆုံးသတ်လိုက်သည်။
    အကယ်ဒမီပေးပွဲအရှိန်မြင့်လာပြီး အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ဖြတ်စား ဇာတ်ကားဖြင့် သရုပ်ဆောင် ပန်ဇယ်ဠိုက ရရှိသွားလေရာ အစီအစဉ် ကြေညာသူက "ပန်ဇယ်ဠိုဟာ ဖြတ်စားရုပ်ရှင်ဇာတ်ကားကြီးမှာ မြန်မာ့လွတ်လပ်ရေးအတွက် စွန့်လွှတ်စွန့်စား အဝတ်တစ်ထည်၊ ငွေသိန်းဂဏန်းနဲ့ အမေရိကားကို ချီတက်၊ ဘဝကို အရှုံးမပေးနဲ့မိငယ်ရေဆိုသလို ရရာလက် နက်စွဲကိုင်ကာ နှစ်နှစ်လောက်အတွင်းမှာ စတိုးဆိုင်ကြီး ဖွင့်ကာကြီးပွားသွားတဲ့ သရုပ်ဆောင်မှု၊ တော်လှန်ရေးအတွက် နေ့မအားညမနား အလှူခံရင်း မကြာခဏပြိုလဲ ချင်သော်လည်း ငါရှိမှဖြစ်မယ်လို့ အားတင်းကာရှိသမျှ ရတနာပစ္စည်းတွေ ထုတ်ရောင်းတော်လှန်ရေးအတွက် ငွေစာရင်းရှင်းရင်း ငွေပမာဏ လွဲချော်သွားတာကြောင့် အများအမြင်မှာ ခင်မို့မို့အေး၊ ကိုယ့်အမြင်မှာ ပန်းနုသွေးကာ ဖြတ်စားဇာတ်ကားရဲ့ ဇာတ်ရှိန်အနိမ့်အမြင့်၊ အတက် အကျအလိုက် ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တာကြောင့် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိသွားတာ ဖြစ်ပါတယ်"ဟု ကြေညာလိုက်ရာ အကယ်ဒမီဇာတ်ရုံ ကြီးတစ်ခုလုံး ဝက်ဝက်ကွဲ သြဘာပေးကြလေတော့သည်။
    အကယ်ဒမီတို့၏ ထုံးစံအတိုင်း နောက်ဆုံးဆုအဖြစ် အမျိုးသားဇာတ်ဆောင်ဆုကို ကြေညာရာ လေပတ်ကား ရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသားသရုပ်ဆောင် မျိုးယန်ဏောင်သိမ်းက ထိုက်ထိုက် တန်တန် ရရှိသွားပြီး အချိန်ကိုငဲ့ကွက်ကာ အကယ်ဒမီရစေတဲ့ သရုပ်ဆောင် ချက်များကိုပြသရာ "မျိုးယန်ဏောင်သိမ်းဟာ လေပတ်ကားရုပ်ရှင် ဇာတ်ကားကြီးမှာ လေလုံးထွားတဲ့ ဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင် လေနဲ့တော်လှန်၊ လေနဲ့ အလှူခံ၊ လေကောင်းရင် နေရာရမယ်ဆိုတဲ့စိတ်နဲ့ လေနဲ့ ပြောကာ  နိုင်ငံရေးသမားဇာတ်ရုပ်ကို ပီပြင်အောင်သရုပ် ဆောင်နိုင်ခဲ့သလို ခေတ်မီဖွံ့ဖြိုးသော နိုင်ငံဖြစ်ဖို့ ဒီမိုကရေစီကို လေနဲ့အရယူ။ သဏ္ဌာန်လုပ် သရုပ်တူအောင်  တော်လှန်ရေးကို လေလှိုင်းပေါ်က Live လွှင့်ပြီး လေနဲ့ အားပေး ဇာတ်ကားတစ်ခုရဲ့ စလယ်ဆုံး လေသံတွေဖူးဖူး  ရုပ်ရှင်ကြည့်ပရိသတ်များအတွက် ရုပ်ရှင်ရုံထဲ အဲယား ကွန်းမလိုအောင် လေတိုက်ခဲ့တာကြောင့် လေပတ်ကား ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု ကို ရရှိသွားတာဖြစ်ပါတယ်}}ဟု ကြေညာပြီး ဆုချီးမြှင့် လေသည်။
    အကယ်ဒမီပေးပွဲကြီးက ပြီးဆုံးသွားလေသည်။ ထုံးစံအတိုင်း နောက်တစ်နေ့ထွက်သည့် သတင်းစာ ဂျာနယ်မျက်နှာဖုံးများတွင် အကယ်ဒမီပေးပွဲသတင်းများက ဝေေ၀ဆာဆာ ဖော်ပြခဲ့သလို အချို့ဖွ သတင်းရေးတဲ့ မီဒီယာတွေကလည်း မင်းသမီးတစ်ယောက်၏ သိန်းပေါင်း ၁၈၀၀ ခန့်တန်ဖိုးရှိ မှတ်ကျောက်ဆွဲကြိုးကြီးပွဲတွင် ပျောက်ဆုံးသွားသည့် သတင်းကို ဂျာနယ်မျက်နှာဖုံးတွင်  စာလုံးမည်းကြီးဖြင့် "မှတ်ကျောက် ဖြတ်စားခံလိုက်ရတဲ့ပွဲ" ဟု ဖော်ပြကြလေတော့သည်။
ထူးမြတ်

(TREND News ဂျာနယ်အတွဲ (၂)၊ အမှတ် (၄၉)တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 339

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43939

© 2022 - 2025 News. All Rights Reserved.