Breaking

ဒူးလေးပါတီ နာယကတာဝန်ကို ပါတီမှ ဆက်လက်ဆက်ခံမည်၊ လီဆူပြည်သူ့စစ် ခေါင်းဆောင်တာဝန်အတွက် ပါတီမှ ဆက်ခံရန်မရှိ

၂၀၂၄  မတ်လ ၁၂
    လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေး)ပါတီ နာယကဖြစ်သူ ဦးရွှေမင်းနေရာအတွက် ပါတီမှ အခြားနာယက တစ်ဦးကို အစားထိုးဆက်ခံမည် ဖြစ်သော်လည်း လီဆူပြည်သူ့စစ်ခေါင်းဆောင်နေရာအတွက် ပါတီမှဆက်ခံရန်မရှိကြောင်း လက်ရှိပါတီဥက္ကဋ္ဌဖြစ်သူ ဦးလီပေါ်ရဲ့က ပြောသည်။ 
‘အခုသူမရှိတော့ရင် လီဆူခေါင်းဆောင်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ဒီကိစ္စကိုပြောမယ်၊ ဆိုမယ်ဆိုရင်တော့ ပြောနိုင်ဆိုနိုင်တဲ့ ခေါင်းဆောင်တွေ နည်းတယ်။ သူ့လို အသက်ပေးပြီး လုပ်နိုင်တဲ့သူနည်းပါးတယ်။ အဲဒီလောက်လည်း စွန့်စားရဲမှာမဟုတ်ဘူး။ လီဆူလူမျိုးတွေ အတွက်တော့ အများကြီး ဆုံးရှုံးနစ်နာပါတယ်။ သူလည်း လက်နက်ကိုင်ပြီးမှ နိုင်ငံတော်ကာကွယ်ဖို့၊ ကိုယ့်လူမျိုးတွေ ကာကွယ်ဖို့အတွက် ပါတီတာဝန်ကနေ နုတ်ထွက်ပြီးမှ နာယက အနေနဲ့ရှိနေတယ်။ နာယကဆိုတာတောင် ကျွန်တော်တို့က နေပေးပါဆိုလို့ သူကနေပေးတာ။ ကျွန်တော်တို့ပါတီ အနေနဲ့တော့ မူဝါဒတွေ၊ လမ်းစဉ်တွေ ပြောင်းလဲသွားမှာ မဟုတ်ဘူး။ နဂိုမူဝါဒအတိုင်းပဲ သွားမယ်။ သူ့နေရာမှာ ပါတီအနေနဲ့ ဆက်ခံဖို့မရှိဘူး။ သူ့အောက်မှာ သူရဲ့လက်ထောက်တွေ၊ သူအားထားရတဲ့ ပုဂ္ဂိုလ်တွေ အများကြီးရှိတယ်။ ပါတီကတော့ နိုင်ငံရေးနည်းလမ်းအရ နိုင်ငံရေးစားပွဲပေါ်မှာ လုပ်ကိုင်ဆောင်ရွက်မယ်။ နာယကနေရာကို ဆက်ခံမယ့်သူကရှိတယ်။ လက်နက်ကိုင် ခေါင်းဆောင်အနေနဲ့တော့ ပါတီက ဆက်ခံဖို့မရှိပါဘူး။ ပါတီနာယက သုံးယောက်လောက်ရှိတော့ တစ်ဦးက နာယကနေရာမှာ ဆက်ရှိနေပါမယ်။ နှစ်ပတ်လည် အစည်းအဝေးမှာ အပြောင်းအလဲ ရှိနိုင်ပါတယ်”ဟု ၎င်းကပြောသည်။ 
    ဦးရွှေမင်း သေဆုံးခဲ့ရခြင်းက လီဆူတစ်မျိုးသားလုံးနှင့် ပါတီအတွက် ထိခိုက်နစ်နာမှုများစွာ ရှိကြောင်းလည်း ဥက္ကဋ္ဌ ဖြစ်သူ ဦးလီပေါ်ရဲ့က ထပ်မံပြောဆိုသည်။ 
    ‘သူကတော့ ပါတီရဲ့နာယကပေါ့။ လီဆူအမျိုးသားတွေရဲ့ ခေါင်းဆောင်၊ ရဲရဲဝံ့ဝဲ့ သတ္တိရှိရှိ ဦးဆောင်နေတဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ သူ့အနေနဲ့အခုလို ဖြစ်သွားတာလည်း ကျွန်တော်တို့ လီဆူတစ်မျိုးသားလုံးရော၊ ပါတီတစ်ခုလုံးရော အင်မတန်မှ ဝမ်းနည်းကြေကွဲရပါတယ်။ သူဒီလို ဖြစ်သွားတာ နိုင်ငံတော်အတွက်ရော၊ လီဆူတစ်မျိုးသား လုံးအတွက်ရော နစ်နာမှုတစ်ခု ဖြစ်သွားတာ ပေါ့လေ။ နိုင်ငံတော်ကာကွယ်ရေးကို တစ်ဖက်တစ်လမ်းက သူရဲ့အသက်ကို ပဓာနမထားဘဲနဲ့ တစ်စိတ်တစ်ဒေ သပေါ့။ ကာကွယ်ပေးနေတာဖြစ်တယ်။ လီဆူလူမျိုးတွေ အတွက်ကတော့ တစ်ဖက်က လက်နက်ကိုင် အဖွဲ့အစည်းတွေက ကျွန်တော်တို့ လူမျိုးတွေကို ဖိနှိပ်ချုပ်ခြယ်၊ ဖမ်းဆီးသတ်ဖြတ်တာတွေ အများ ကြီးရှိခဲ့တယ်။ လီဆူခေါင်းဆောင်တွေတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့ အများကြီးရှိတဲ့ အထဲက ရဲရဲဝင့်ဝင့် အသက်ပေးပြီးမှ ဒီကိစ္စတွေကို ထုတ်ဖော်တယ်။ ပြောဆိုတယ်။ သဘောထားကြေညာတယ်။ နောက်ဆုံးဆန္ဒပြတယ်။ အဲဒီလောက်အထိ သူလုပ်ခဲ့တယ်။ တကယ်တမ်းတော့ မကျေနပ်ချက် တွေကတော့ အများကြီးပေါ့။ ဒါပေမဲ့ ဘယ်သူမှ အဲဒီလို ထုတ်ဖော် မပြော ရဲဘူး။ ပေါ်ပေါ်ထင်ထင် မလုပ်ရဲကြဘူးလေ။ သူ့အနေနဲ့ လုပ်နိုင်တယ်။ ပြောတယ်ဆိုတယ်၊ ဆိုတော့ တစ်ဖက်ကကြည့် ရင်လည်း လီဆူလူမျိုးတွေ အတွက်ကတော့ သူလုပ်ပေးခဲ့လို့၊ အဲဒီလို ဦးဆောင်ခဲ့လို့ လီဆူလူမျိုး တွေကိုတစ်ဖက်က နှိပ်စက်တာတွေ၊ ဖမ်းဆီးတာတွေ၊ လက်နက်အားကိုးနဲ့ ပြန်ပေးဆွဲ ငွေတောင်းတာ တွေကတော့ တော်တော် လေးကို လျော့နည်းလာတယ်”ဟု ၎င်းက ပြောသည်။
    လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက် ရေးပါတီ (ဒူးလေးပါတီ)မှ နာယက ဦးရွှေမင်း သေဆုံးမှုမှာ လီဆူလူမျိုးများအတွက် ဆုံးရှုံးနစ်နာကြောင်း ဒူးလေးပါတီမှဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က CNI သတင်းဌာနသို့ ပြောသည်။
    မိမိတို့ဒူးလေးပါတီအနေဖြင့် ဝမ်းနည်းကြောင်း၊ ဦးရွှေမင်းကဲ့သို့ လက်နက်ကိုင် အဖွဲ့အစည်းများကို ပြတ်ပြတ်သားသား ပြောနိုင်သည့်ပုဂ္ဂိုလ်မျိုးမှာ ရှားပါးကြောင်း ၎င်းက ပြောသည်။
    ဦးလီပေါ်ရဲ့က ”ကျွန်တော်တို့ကတော့ နာယကကြီးဆုံးတာကတော့ ကျွန်တော်တို့ပါတီအနေနဲ့ ဝမ်းနည်းလို့လည်း မဆုံးပါဘူး။ လီဆူတစ်မျိုးသားလုံး အနေနဲ့လည်း ဝမ်းနည်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့လိုလူမျိုး ဒီဘက်က လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပြတ်ပြတ်သားသား ပြောနိုင်တယ်၊ ဆိုနိုင်တဲ့ ပုဂ္ဂိုလ်မျိုးကတော့ သိပ်ရှားတယ်လေ။ ခေါင်းဆောင်တွေကတော့ ရှိတယ်လေ၊ ဒါပေမဲ့ သူ့ရဲ့ အသက်ကို လည်း မနှမြောဘဲနဲ့ လီဆူလူမျိုးတွေကို အဖွဲ့အစည်းတွေက ညှဉ်းပန်းနှိပ်စက်တာတွေ၊ သတ်ဖြတ်တာတွေ အဲဒါတွေကို သူ့အနေနဲ့ မကြောက်မရွံ့ ရဲရဲဝံ့ဝံ့ပြောတယ်ဆိုတယ်၊ အဲဒါတွေ လုပ်တယ်ဆိုတော့ လီဆူလူ မျိုးတွေအတွက် ဒါအများကြီး နစ်နာတာပေါ့ဗျာ”ဟု ပြောသည်။
    မတ်လ ၇ ရက်က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ အောင်မြေသစ်ကျေးရွာ အနီး ဦးရွှေမင်းတို့ စီးလာသည့် မော်တော်ယာဉ်အား  (KIA) နှင့်  (PDF) ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့၍ သေဆုံး သွားခဲ့သည်။
    ဒူးလေးပါတီ ဥက္ကဋ္ဌဟောင်း ဦးရွှေမင်းမှာ လက်ရှိတွင် ပါတီ၏ နာယကအဖြစ် တာဝန်ယူ ဆောင်ရွက်နေပြီး ဝိုင်းမော်ပြည်သူ့စစ်ခေါင်းဆောင်အဖြစ်လည်း တာ ဝန်ယူဆောင်ရွက်ခဲ့သူဖြစ်သည်။
    ဦးရွှေမင်းသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လီဆူတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် အနိုင်ရရှိထားသူဖြစ်ပြီး နစကမှ ချီးမြှင့်သည့် သီရိပျံချီဘွဲ့ကို ရရှိထားသူဖြစ်သည်။

Total Views ~ 274

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43964

© 2022 - 2025 News. All Rights Reserved.