ရန်ကုန်၊ မေ ၁၄
ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိရန် မဖြစ်မနေလိုအပ်မည် ဖြစ်သဖြင့် ဒေသခံများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၁၂ ရက်နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများ အား ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးစဉ် အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်တိုက်အားတိုက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ အနေဖြင့်လည်း မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးကို တတ်စွမ်းသရွေ့ ကြိုးပမ်းဆောင်ရွက်ရန် လိုကြောင်း၊ ဒေသတွင်ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံများအားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းကြိုးပမ်း ကြမည်ဆိုပါက ဒေသအလိုက် တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုး တက်လာမည်ဖြစ်သည့်အတွက် အားလုံးက ဝိုင်းဝန်း ဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။