ဓာတုလက်နက် တားဆီးပိတ်ပင်ရေး သဘောတူစာချုပ်အရ အပြည့်အ၀ လိုက်နာဆောင်ရွက်နေဟု မြန်မာသံအမတ်ကြီး ပြောကြား

ရန်ကုန်၊ အောက်တိုဘာ  ၁၆
မြန်မာနိုင်ငံသည် ဓာတုလက်နက် တားဆီးပိတ်ပင်ရေး သဘောတူစာချုပ် (CWC) ၏ မူဝါဒနှင့် ရည်ရွယ်ချက်များကို အပြည့်အ၀လိုက်နာဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတုလက်နက် ကင်းစင်သည့် ကမ္ဘာကြီးဖြစ်စေရန် OPCW ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ထောက်ခံပါကြောင်း ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် EU ဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် ဓာတုလက်နက် တားဆီးပိတ်ပင်ရေး အဖွဲ့ (Organisation for the Prohibition of Che-mical Weapons-OPCW) ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ သံအမတ်ကြီး ဦးစိုးလင်းဟန်က ပြောသည်။
    နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ ဓာတုလက်နက်တားဆီးပိတ်ပင်ရေးအဖွဲ့ (OPCW) ရုံးချုပ်၌ ကျင်းပခဲ့သော OPCW ၏ (၁၀၇) ကြိမ်မြောက် Executive Council  အစည်းအဝေး (EC-107)သို့ OPCW ဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တက်ရောက်ပါဝင်ဆွေးနွေးမှု ပြုလုပ်ခဲ့ရာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
    အစည်းအဝေးတွင် OPCW မှ သက်ဆိုင်ရာနိုင်ငံများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် ဓာတုလက်နက်ဖျက်သိမ်း ရေးလုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ဓာတုလက်နက်ဖြင့် ခြိမ်းခြောက်မှုအန္တရာယ်အား ကာကွယ်ဟန့်တားရေး လုပ်ငန်းများ၊  ဓာတုလက်နက် တားဆီးပိတ်ပင်ရေး သဘောတူစာချုပ် (Chemical Weapons Convention-CWC) ၏ Article VII နှင့် Article  XI  တို့အား အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေ၊ ဓာတုလက်နက် အသုံးပြု၍ အကြမ်းဖက်မှုအား တိုက်ဖျက်ရေးလုပ်ငန်း အစီအစဉ် အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေအနေ၊ CWC စာချုပ်ကို အကောင်အထည်ဖော်ရာ၌ လူသားဉာဏ်ရည်တု နည်းပညာ (AI) အား အသုံးပြုနိုင်မှုနှင့် AI ၏ စိန်ခေါ်မှုများအား OPCW  Technical Secretariat အနေဖြင့် သုတေသနပြု ဆောင်ရွက်နေမှု အခြေအနေတို့ကို ဆွေးနွေးမှုပြု ခဲ့ကြသည်။
    မြန်မာသံအမတ်ကြီးက CWC စာချုပ်ကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် အရေးကြီးသည်ကို အခိုင်အမာ ယုံကြည်ပါကြောင်း၊ OPCW မှ CWC စာချုပ်၊ Article XI  အောက်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုနှင့် အကူအညီပေးရေး အစီအစဉ်များနှင့် သင်တန်းများတွင် မြန်မာနိုင်ငံမှ ပိုမို ပူးပေါင်း ပါဝင်ခွင့် ရရှိလိုကြောင်း ပြောကြားခဲ့သည်။ ထူးမြတ်

Total Views ~ 168

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43741

© 2022 - 2025 News. All Rights Reserved.