နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဧည့်ခံကြိုဆို

နေပြည်တော်၊နိုဝင်ဘာ ၆
    မဟာမဲခေါင် ဒေသခွဲ (GMS) ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးက ကြိုဆိုဧည့်ခံခဲ့ပါတယ်။
    တရုတ်ကွန်မြူနစ်ပါတီရဲ့ တရုတ်ဗဟိုကော်မတီဝင် တစ်ဦးလည်းဖြစ်၊ ယူနန်ပြည်နယ်ဆိုင်ရာ ပါတီအတွင်းရေးမှူးလည်းဖြစ်တဲ့ ဝမ်နင်က နိုဝင်ဘာ ၅ ရက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဧည့်ခံတွေ့ ဆုံခဲ့တာ ဖြစ်ပါတယ်။ 
    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ နိုင်ငံတော်အာဏာကို နစက အနေနဲ့ ရယူခဲ့တဲ့ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံကို ရောက်ရှိနေပြီး ယူနန်ပြည်နယ် ကူမင်းမြို့မှာ ကျင်းပမယ့် GMS  ထိပ်သီးညီလာခံကို တက်ရောက်မှာ ဖြစ်ပါတယ်။
    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို အတွင်းရေးမှူး ဝမ်နင်နဲ့ ယူနန်အုပ်ချုပ်ရေးအဖွဲ့ အရာရှိတွေက နွေးထွေးစွာဧည့်ခံပြီး အမှတ်တရ ဓာတ်ပုံတွေ ရိုက်ခဲ့ကြပြီး အစည်းအဝေးကျင်းပခဲ့ပါတယ်။
    အစည်းအဝေးမှာတော့ ဝမ်နင်က နစကဥက္ကဋ္ဌနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို နွေးထွေးစွာ ကြိုဆိုကြောင်းထပ်လောင်း ပြောဆိုခဲ့တဲ့အပြင် မြန်မာနဲ့ ယူနန်ပြည်နယ် ကြားကရင်းနှီးတဲ့ သံတမန်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဆက်နွှယ်မှုတွေ၊ စီးပွားရေးဆိုင်ရာ ပိုမိုတိုးတက်အောင် အဆင့်မြှင့်တင်မှုတွေ အကြောင်းကို အလေးထား တင်ပြဆွေးနွေးခဲ့ပါတယ်။
    ယူနန်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ မြန်မာနဲ့ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ၊ နယ်စပ်ရေးရာကဏ္ဍတွေမှာ လက်တွဲလုပ်ဆောင်ရေး ကိစ္စတွေ၊ အခြေခံအဆောက်အအုံ ကဏ္ဍတွေမှာ ပိုပြီးအာရုံစူး စိုက်ထားလိုတဲ့ အကြောင်းကိုလည်း ဝမ်နင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို တင်ပြ ဆွေးနွေးခဲ့ပါတယ်။ သံတမန် ဆက်ဆံရေး ၇၅ နှစ်ပြည့် မြောက်တော့မယ့် နှစ်နိုင်ငံကြားက ရေရှည်တည်မြဲခဲ့တဲ့ ခင်မင်ရင်းနှီးမှုမှာ ယူနန်ပြည်နယ်ရဲ့ အခန်းကဏ္ဍ အရေးပါခဲ့တာနဲ့ ပတ်သက်ပြီးလည်း ဝမ်နင်က ဂုဏ်ယူစွာပြောကြားခဲ့ပါတယ်။
    အခုတွေ့ဆုံ ဆွေးနွေးမှုဟာ ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေကို အဓိကထား ချဉ်းကပ်ခဲ့ပေမယ့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနဲ့ လူ့အရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍတွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
    အစည်းအဝေးကိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ နစကအဖွဲ့ဝင် အရာရှိ ကြီးတွေ၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနဲ့ နှစ်နိုင်ငံကြားက တခြားအဆင့်အရာရှိတွေ၊ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေး အပြီးမှာတော့ အပြန်အလှန် အမှတ်တရ လက်ဆောင်တွေ လဲလှယ်ခဲ့ပြီး ယူနန်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့က ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့တယ်လို့လည်း သိရပါတယ်။

Total Views ~ 171

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43726

© 2022 - 2025 News. All Rights Reserved.