နေပြည်တော်၊ အောက်တိုဘာ ၃၀
လက်နက်ကိုင် အဖွဲ့အစည်းများ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို လက်နက်ကိုင်တိုက်၍ နယ်မြေမရနိုင်ဘဲ လွှတ်တော်ကသာ ဆောင်ရွက်၍ရကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။
"လက်ရှိ အခင်းအကျင်းမှာက NCA ကို အကောင်အထည် ဖော်ဆောင်မှုအားနည်းနေတဲ့ အခြေအနေတွေ သွားရှိတယ်။ NCA ကို နဂိုမူလကတည်းက လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ ပါဝင်မယ်။ NCA ရဲ့ မူလရည်ရွယ်ချက်အတိုင်း သွားနေမယ်ဆိုရင်တော့ ကျွန်တော်တို့က ငြိမ်းချမ်းရေး အခင်းအကျင်းကောင်းတစ်ခုကို ရရှိသွားနိုင်တယ်။ အခုဟာက ဘယ်လိုဖြစ်သွားလဲဆိုရင် NCA ရဲ့ ရည်မှန်းချက်တွေကို ထိထိရောက်ရောက် အကောင်အထည်မဖော်နိုင်တဲ့အပြင်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ တိုက်ပွဲကျယ်ပြန့်မှုတွေက တော်တော်များများ ပြဿနာဆိုတာ ဖြစ်လာတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒမှာ ပြဋ္ဌာန်းထားတဲ့ အချက်ရှိတယ်ဗျ။ ပြဋ္ဌာန်းထားတဲ့အချက်မှာ နယ်မြေတွေ တောင်းတယ်၊ နယ်မြေတွေလိုချင်တယ်ဆိုရင် နယ်မြေသတ်မှတ်တယ်။ နယ်မြေပေးနိုင်တဲ့ အခြေအနေရှိတာက လွှတ်တော်ကပဲ ပေးလို့ရမယ်။ ဘယ်သူကမှ ပေးလို့မရဘူး။ လက်နက်ကိုင်တိုက်လို့ နယ်မြေတောင်းလို့မရပါဘူး ဆိုတဲ့စကားမျိုး နစကဘက်က ပြောသွားတာရှိတယ်။ နစက ကို လက်နက်ကိုင်တိုက်လို့ နယ်မြေမရဘူး။ နစကကလည်း ပေးလို့မရဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအရပဲ နယ်မြေ ကန့်သတ်တာ၊ နယ်မြေခွဲဝေတဲ့ ကိစ္စဆိုတာ လွှတ်တော်ပဲလုပ်လို့ရတဲ့ ဥပဒေရှိပြီးသား"ဟု ၎င်းကပြောသည်။
လက်နက်ကိုင်အကြမ်းဖက်နည်း နှင့်လိုလားချက်ကို တောင်းဆို၍မရ၊ နိုင်ငံရေးစားပွဲဝိုင်းတွင် ငြိမ်းချမ်းစွာဖြေရှင်းမှသာ ပဋိပက္ခများ ပြေလည်စေမည်ဖြစ်ပြီး လက်နက်ကိုင် အကြမ်းဖက်တောင်းဆိုမှုများ အပေါ်လိုက်လျောဖြေရှင်းပေးသွားမည် မဟုတ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ချုပ်ဆိုခြင်း (၉)နှစ်မြောက် နှစ်ပတ်လည်နေ့ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။
"ယခုအခါ ပြည်ပနိုင်ငံများက လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်များကို အားပေးထောက်ခံပြီး နိုင်ငံသားချင်း သွေးမြေကျအောင် ကြံစည်ဆောင်ရွက်လျက်ရှိသည့်အပေါ် ယုံစားနေကြမည်ဆိုလျှင် သွားလိုသည့် အနာဂတ်နိုင်ငံတော်ခရီးက အလှမ်းဝေးနေဦးမည်"ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော် ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ငြိမ်းချမ်းရေးရရှိစေဖို့အတွက် တွေ့ဆုံညှိနှိုင်း အဖြေရှာမှသာလျှင် အဆင်ပြေနိုင်မည်ဖြစ်ပြီး ဘက်နှစ်ဖက်ကို စေ့စပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်သည့် သီးခြားလွတ် လပ်သော Third Party ပေါ်ပေါက်ရန် လို အပ်ကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီးဥက္ကဋ္ဌ ဦးလှဌေးက ပြောသည်။
"တွေ့ဆုံဆွေးနွေးရေး လုပ်တယ်ဆိုတာက ဘက်နှစ်ဖက်ညှိနှိုင်းရတာ။ ဘက်နှစ်ဖက်ကို ညှိနှိုင်းတဲ့အခါမှာ တစ်ဖက်ဖက်က သူတို့ရဲ့ လိုလားချက်၊ သူတို့ဖြစ်ချင်တဲ့ အချက်တွေကိုပဲ ဦးတည်နေတာမျိုး သွားရှိနေမယ်။ ညီမျှမှုမရှိတဲ့ ဘက်နှစ်ဖက်တည်းနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနိုင်မယ့် အဆင်မပြေ မှုက တော်တော်လေးကို ရှိနေမှာဗျ။ အဲဒီတော့ ဘက်နှစ်ဖက်ကို မျှမျှတတ ညှိနှိုင်းဆောင်ရွက်ပေးနိုင်မယ့် Third Party ဆိုတာ လိုကိုလိုအပ်တယ်။ Third Party မရှိဘဲနဲ့ တွေ့ဆုံညှိနှိုင်းရေး အောင်မြင်ဖို့ဆိုတာ တော်တော်ကို ခက်ခဲတဲ့ကိစ္စဖြစ်တယ်။ အခုဆိုရင် ကျွန်တော်တို့နိုင်ငံအနေနဲ့ အခုလို ဖြစ်ပေါ်နေတဲ့ အချိန်မှာ Third Party တစ်ခု ပေါ်ပေါက်ဆိုတာကတော့ မလွဲမသွေလိုအပ်တယ်"ဟု ၎င်းင်းကပြောသည်။
ဆက်လက်၍ ဦးလှဌေးက Third Party ကပဲ ကြားနေဝင်ရောက် ညှိနှိုင်းဆောင် ရွက်ပေးမှသာလျှင် တွေ့ဆုံဆွေးနွေးရေး အောင်မြင်မှုလမ်းစကို စပြီးတော့ ရမှာပေါ့။ အဲဒီတော့ မေးစရာရှိတာက Third Party က ဘယ်သူက ဖွဲ့မှာလဲ။ ဘယ်လိုလုပ်ကြမှာလဲဆိုတာ မေးစရာရှိလာတယ်။ Third Party က ဆွေးနွေးမယ့် ဘက်နှစ်ဖက်က ဖွဲ့ပေးလို့ မရဘူးဗျ။ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခု ရှိကိုရှိရမယ်။ သီးခြားလွတ်လပ်စွာ ပေါ်ပေါက်လာဖို့လိုတယ်။ Third Party မှာလည်း ပါဝင်ရမှာက အဓိက အကျိုးဆောင်ပေးနိုင်မယ့် အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေး အင်အားစုကလည်း ပါဝင်ရမယ်။ နိုင်ငံရေးပါတီ တွေထဲကလည်း ဆောင်ရွက်ပေးနိုင်တဲ့သူတွေ ပါဝင်ရမယ်။ တပ်မတော်ကလည်း ပါဝင်လို့ရတယ်။ ခေတ်အဆက် ဆက်မှာလုပ်ခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ အငြိမ်းစားပုဂ္ဂိုလ်တွေရှိတယ်။ အရင်တုန်းက အတွေ့အကြုံတွေရှိတယ်။ ဒါကို ငြိမ်းချမ်းရေးနဲ့ပတ် သက်ပြီးလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိနေပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေအားလုံး စုစည်းပြီးတော့ Third Party လေးတစ်ခုကိုရအောင် ဖွဲ့ဖို့လိုပါတယ်။ Third Party ဖွဲ့ပြီးတော့ ဦးဆောင်ပြီးတော့မှ စောစောက ဘက်နှစ်ဖက်ကို တွေ့ဆုံဆွေးနွေးပွဲ လုပ်မယ်။ တွေ့ဆုံပွဲမှာ တစ်ဖက်နဲ့တစ်ဖက် အဆင်မပြေတဲ့အချက်တွေ အဆင်ပြေအောင် ညှိနှိုင်းမယ်၊ ပြောကြဆိုကြ ဆောင်ရွက်မယ်ဆိုတဲ့အဆင့်ကို စိတ်ရှည်လက်ရှည်တဲ့ သွားမှသာလျှင် တွေ့ဆုံဆွေးနွေးမှုက အောင်မြင်တဲ့အဆင့်ကို ရောက်မှာဗျ"ဟု ၎င်းကပြောသည်။
လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နေသမျှ ငြိမ်းချမ်းရေး ရနိုင်မည်မဟုတ်ဘဲ တိုင်းပြည်နှင့်လူမျိုးအတွက် တွေ့ဆုံညှိနှိုင်းခြင်းနှင့်သာ အဖြေရှာသင့်ကြောင်း ကရင်ပြည်သူ့ ပါတီဥက္ကဋ္ဌ နမ့်ခင်အေးဦးက ပြောသည်။
"ဘယ်လိုမှ မရနိုင်ဘူး။ သေကျေ ပျက်စီးတာများမယ်။ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးနစ်နာမယ်။ တကယ် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအတွက် တွေ့ဆုံညှိနှိုင်းခြင်းနဲ့သာ အဖြေရှာသင့်တယ်၊ ငြိမ်းချမ်းရေးကို လိုလားကြတဲ့ ပြည်သူလူထုကလည်း ငြိမ်းချမ်းရေးကို စားပွဲဝိုင်းမှာပဲ ပြောဆိုကြမှ အဆင်ပြေမယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ခေါင်းမာနေတဲ့ အဖွဲ့တွေကလည်း ရှိနေသေးတယ်။ ကြားက စေ့စပ်ညှိနှိုင်းမယ့် Third အဖွဲ့က လိုအပ်တာပဲ။ ဒါပေမဲ့ လုပ်ပေးမယ့်သူက သာမန်အဆင့်နဲ့တော့ မရဘူး။ နှစ်ဖက်လုံးက လိုလားတဲ့သူဖြစ်မှ အဆင်ပြေမယ်။ အခုလာမယ့် ၂၀၂၅ ကိစ္စကိုလည်း ခါးခါးသီးသီး ငြင်းနေကြတဲ့သူ တွေလည်း ရှိတယ်လေ။ သတင်းတွေ ကြားရတာက ကချင်နဲ့ တရုတ်ကလည်း ညှိဖို့ကြိုး စားနေတယ်။ ဒါပေမဲ့ ကချင်ကလည်း နားထောင်တဲ့ပုံ သိပ်မပေါ်ဘူး။ ဘယ်လိုလုပ်မလဲ ဆိုတာ အဖြစ်နိုင်ဆုံး အခြေအနေကို ရအောင်လို့ ကြိုးစားကြရမယ်။ မကြိုးစားရင်တော့ ဒီလိုနဲ့ လုံးပါးပါးမယ်။ တရုတ်ကိုလည်း တချို့က နားမထောင်လိုဘူး။ သူ့အနေနဲ့လည်း ဘယ်လောက် ဖိအားပေးနိုင်မလဲ။ Third Party ကတော့ လိုအပ်တယ်။ ယုံကြည်မှုတည်ဆောက်ဖို့ ဆိုတာကလည်း ခက်ခဲတယ်"ဟု ၎င်း ကပြောသည်။
၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေးအ ပြောင်းအလဲဖြစ်စဉ်တွင် တချိုသော EAO များအနေဖြင့် NCA တွင် လက်မှတ်ရေးထိုး ထားရှိခဲ့သည့် ကတိကဝတ်များကို ဖောက် ဖျက်ကာ NUG ၊ CRPH အမည်ခံ အကြမ်းဖက်အဖွဲ့များကို တစ်ဖက်လှည့်နည်းနှင့် ထောက်ခံအားပေးခဲ့သည့်အပြင် အဆိုပါအ ကြမ်းဖက်အဖွဲ့များ၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များကိုလည်း ထောက်ပံ့မှုမျိုးစုံပေး၍ အားပေးအားမြှောက် တွေပြုခဲ့ကြသည်။ ယင်းအခြေအနေကြောင့် နိုင်ငံတစ်ဝန်း တည်ငြိမ်အေး ချမ်းမှု အားနည်းခဲ့ရသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာတွင် စတင်ခဲ့သည့် MNDAA ၊ TNLA ၊ AA အကြမ်းဖက်သောင်းကျန်း သူပူးပေါင်းအဖွဲ့များ၏ လုပ်ဆောင်ချက်များကြောင့်လည်း ပြည်သူများ လူမှုစီးပွား အခြေအနေများကို ပိုမိုဆိုးရွားစေခဲ့သည်။ ထို့အပြင် KNPP ၊ KNDF ၊ PNLO ၊ KIA နှင့် KNU လက်နက်ကိုင် သောင်းကျန်းသူများက နယ်မြေဒေသအသီးသီးတွင် အဖျက်အမှောင့်လုပ်ရပ်များစွာကို ဆောင်ရွက်ခဲ့ကြသည်။ ကွန်းဈာန်