၂၀၂၃ နိုဝင်ဘာ ၂၈
လာမည့် ဒီဇင်ဘာလအတွင်း နယ်စပ်လမ်းကြောင်းများ ပြန်ပွင့်ပါက ပြည် တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်း ပြန် ကျနိုင်ခြေရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့် က ပြောသည်။
"လာမယ့်လကတော့ နယ်ကပစ္စည်းတွေ ပြန်ထွက်လာမယ်။ နောက်တစ်ခုက လားရှိုးထိအောင် သွားလာလို့ရနေပြီ။ အဲဒီ လမ်းပြန်ပွင့် သွားရင်တော့ ရွှေဈေးက ဝုန်းဆိုပြန်ကျသွားမှာပဲ။ တို့ဆီကို တာချီလိတ်တို့၊ တာလီတို့ကနေ ဝင်တာရှိတယ်လေ။ အဲဒီက အလုံးအရင်းနဲ့ဝင်တာ။ အဲဒီက ဝင်တဲ့ဟာ တွေက မလာဘူး ဖြစ်နေတာပေါ့။ ဘယ် လောက်အထိ ကျမလဲဆိုတာ မှန်းရတော့ ခက်တယ်။ ပြည်တွင်းပြည်ပ နှစ်ခုဆုံပြီး ဖြစ် နေတာဆိုတော့လေ။ အရင်တုန်းကတော့ ပြည်တွင်းကိစ္စပဲရှိတယ်၊ ပြည်ပကိစ္စမရှိဘူး။ အခုပြည်ပကလည်း အစ္စရေးကိစ္စ တောက် လျှောက် ဖြစ်လာပြီးတော့ မကျတော့ဘူး ဖြစ်နေတာ။ အဓိကတော့ ပြည်ပကိစ္စဖြစ် နေတာ အခုက ကမ္ဘာ့ရွှေဈေးက ကျကို မကျတော့တာ။ ပြည်တွင်းက လမ်းကြောင်း တွေ ပြန်ပွင့်ရင်တော့ ကျရိပ်မြင်ပါတယ်"ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း က ဘဏ်များနှင့်ပတ်သက်သည့် ကောလာဟလ သတင်းများက ပြည်တွင်းရွှေဈေးကွက် အပေါ် သက်ရောက်မှု ကြီးကြီးမားမားမရှိခဲ့ ကြောင်း ဦးမျိုးမြင့်ကပြောသည်။
"ဖြစ်တာက ဓာတ်ဆီ ကောလာဟလစဖြစ်တယ်။ ဓာတ်ဆီကောလာဟလဖြစ်ပြီး ဘဏ်ကောလာဟလ ဖြစ်တယ်။ အဲဒီ ကနေ တစ်ခါ ဒေါ်လာဈေး တက်သွားတယ်ပေါ့။ ဒေါ်လာဈေးတက်တာက အခုထက်ထိ ပြန်မကျသေးဘူး။ အဲဒါလေး ဖွင့်ရက်တွေမှာ ပြန်ကျသွားရင်တော့ သူ့ဟာနဲ့သူ ပုံမှန် ပြန်ဖြစ်သွားမှာပါ။ ဘဏ်ကောလာဟလကတော့ ဈေးကွက်အပေါ် သက်ရောက်မှု များများစားစားကြီး မရှိပါဘူး။ သူကပြောတာတော့ ငွေထုတ်မရဘူး၊ ဘာဖြစ်တယ်ပြောတာ။ တကယ်တမ်းကျတော့ ထုတ်လို့ရတဲ့ ဘဏ်တွေ ထုတ်လို့ရနေတာပဲ။ Special Acc တွေကတော့ ထုတ်လို့ရတယ်။ ရိုးရိုးဟာတွေက တော့ အရင်အတိုင်း ပုံမှန်သွားတာ အဲဒါကို ဖိတဲ့သူက ဖွလိုက်တာပေါ့။ အဲဒါပါပဲ"ဟု ၎င်းကဆိုသည်။