ရန်ကုန်၊ မေ ၇
နိုင်ငံခြားငွေဈေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်အတွက် နိုင်ငံခြားငွေလဲကောင်တာများ စစ်ဆေးလျက်ရှိပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပါအချက်များကို လိုက်နာမှုမရှိသည့် ငွေလဲကောင်တာနှစ်ခုအား မေ ၅ ရက်တွင် ထပ်မံ အရေးယူခဲ့၍ ဥပဒေအရ လိုက်နာမှုမရှိသည့် ငွေလဲကောင်တာ ၅၀ အထိ အရေးယူထား ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ချက်အရသိရသည်။
၂၀၂၄ မတ်လ ၆ ရက်မှစတင်၍ ရွှေနှင့် ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ ကဦးဆောင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ ပါဝင်သော ပူးပေါင်းအဖွဲ့က ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ရေး လုပ်ငန်းလုပ်ကိုင်သူများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဥပဒေပါအချက်များ လိုက်နာမှုမရှိသည်ကို စိစစ်တွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်း လိုင်စင်အား ယာယီဆိုင်းငံ့ခြင်းနှင့် အပြီးရုပ်သိမ်းခြင်းတို့ဖြင့် အရေးယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် Money King Co., Ltd နှင့် Wakhema Trading Co., Ltd တို့၏ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (Money Changer License)အား မေလ ၃ ရက်မှစတင်၍ ခြောက်လ ဆိုင်းငံ့လိုက်သည်။ဧပြီ ၁၁ ရက်ကလည်း စည်းမျဉ်း၊ စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာမှုရှိ သည့် Money Changer ၁၈ ခုအား လိုင်စင်ခြောက်လဆိုင်းငံ့ခြင်းနှင့် Money Changer တစ်ခုအား လိုင်စင်အား ရုပ်သိမ်းခဲ့သဖြင့် တစ်ရက်တည်း Money Changer စုစုပေါင်း ၁၉ ခုအထိကို အရေးယူခဲ့သည်။
အရေးယူမှုများ၊ ထုတ်ပြန်ချက်များအရ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာခြင်းမရှိသည့် Money Changer ၁၈ ခုအား လိုင်စင်ရုပ်သိမ်းခြင်း၊ Money Changer ငါးခုအား လိုင်စင် သုံးလဆိုင်းငံ့ခြင်းနှင့် Money Changer ၂၇ ခုအား လိုင်စင်ခြောက်လဆိုင်းငံ့ခြင်း စသည်ဖြင့် စုစုပေါင်း Money Changer ၂၈ ခု အား အရေးယူဆောင်ရွက်ထားပြီးဖြစ်သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက် တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် ဘဏ်များပါဝင်သော Online Trading Market ကို ဖော်ဆောင်ပေးနေသကဲ့သို့ ပြည်ပသို့ သွားရောက်သူများအတွက် လိုအပ်သော အသေးသုံး နိုင်ငံခြားငွေကြေးများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေးသော ငွေလဲကောင်တာများတွင် ရောင်းချလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်ကလည်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် ညွှန်ကြား ချက်များကို လိုက်နာခြင်းမရှိ သည့် နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ခွင့် လိုင်စင်ရကုမ္ပဏီ ၁၂၃ ခု ၏ လိုင်စင်များ ကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။