နိုင်ငံခြားဝင်ငွေရရှိရေး ပြည်ပရောင်းတမ်းဝင်ထုတ်ကုန်များထုတ်လုပ်ရန် နစကဥက္ကဋ္ဌ ပြောကြား

ရန်ကုန်၊ စက်တင်ဘာ  ၄
    နိုင်ငံခြားဝင်ငွေများ ရရှိရေးအတွက် ပြည်ပရောင်းတမ်းဝင်သည့် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရန်လိုပြီး ပြည်ပသို့ တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေများ တိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းဆောင်ရွက်သူများ အနေ ဖြင့်လည်း စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
    စက်တင်ဘာ ၁ ရက်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား တိုင်းဒေ သကြီးအစိုးရ အဖွဲ့ရုံး၌ တွေ့ဆုံ၍ဒေသဖွံဖြိုး တိုးတက်ရေး ဆိုင်ရာများ ဆွေးနွေးပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
    ဆက်လက်၍ မိမိတို့နိုင်ငံသည်  စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စီးပွားရေးလုပ်ငန်းကို အဓိကဆောင်ရွက်ခြင်းဖြစ်သဖြင့် အဆိုပါ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ အလားတူ အခြားကုန်ထုတ်လုပ် မှုလုပ်ငန်းများကိုလည်း တိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီတွင် စားရေး၊ ဝတ်ရေး၊ နေရေးဟူ၍ရှိပြီး အားလုံးအဆင်ပြေနေစေရေးအတွက် စီးပွားရေး ကောင်းမွန်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် စားနပ်ရိက္ခာထုတ်လုပ် သည့်နိုင်ငံဖြစ်သဖြင့် စား ရေးနှင့်ပတ်သက်၍ အခက်အခဲမရှိကြောင်း၊ မိမိတို့၏ အမျိုးသားရေးရည်မှန်းချက်တွင်လည်း စားရေရိက္ခာဖူလုံရေး ပါဝင်ကြောင်းပြောကြား သည်။
    ဆက်လက်၍ စားဝတ်နေရေးတွင် စားရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများသည် ထိုက်သင့်သည့် ဈေးနှုန်းထက် များပြားနေသည်ကို တွေ့ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံခြားငွေများရရှိစေရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန်လို ကြောင်း၊ လက်ရှိအချိန်တွင် ပြည်ပနှင့် အကြောင်းအမျိုးမျိုးဖြင့် ဆက်သွယ်ဆောင်ရွက်မှု များပြားလာ ခြင်းကြောင့်  နိုင်ငံခြားငွေများ လိုအပ်ချက်ရှိလာကြောင်း၊ နိုင်ငံခြား ငွေသုံးစွဲမှုများနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် မူဝါဒများချမှတ်၍ ထိန်းသိမ်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ယခင်အစိုးရများ အဆက်ဆက်က ပြည်ပမှချေးယူခဲ့သည့်ပြည်ပ ချေးငွေများကိုလည်း မိမိတို့အနေဖြင့် ပြန်လည်ပေးဆပ်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ထို့အပြင် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများအနေ ဖြင့်လည်း မိမိတို့ကျရာအခန်းကဏ္ဍမှ တတ်စွမ်းသရွေ့ ပါဝင်ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ နိုင်ငံ့ဝန်ထမ်း များနှင့်ပတ်သက်၍  မိမိတို့အနေဖြင့် ထောက်ပံ့ကြေးများတိုးမြှင့် ပေးအပ်လျက် ရှိကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့်အခွန်အခများ မှန်မှန်ကန်ကန်ရရှိစေရေး တာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ပေး ရန်လိုကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

 ထူးမြတ်

Total Views ~ 176

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43808

© 2022 - 2025 News. All Rights Reserved.