၂၀၂၄ ၊ ဇန်နဝါရီ ၃၁
'နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့် ကာလကို နောက်ထပ်ခြောက်လ တိုးမြှင့်သတ်မှတ်ကြောင်း}ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ဇန်နဝါရီ ၃၁ ရက်တွင် အသိပေးကြေညာလိုက်ကြောင်း သိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄)ကို ဇန်နဝါရီ ၃၁ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပြီး ယင်းသို့ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့်ကာလကို နောက်ထပ်ခြောက်လ တိုးမြှင့်သတ်မှတ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးနှင့် တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထပ်မံသက်တမ်းတိုးထားသည့် ခြောက်လတာကာလအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့မှုအခြေအနေများ၊ အချို့တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများရှိ နယ်မြေများ၌ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့မှု အခြေအနေများ၊ တိုင်းရင်းသား လက်နက်ကိုင်နယ်မြေများ၌ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခြင်းနှင့် အွန်လိုင်းလိမ်လည်မှုများ ဆောင်ရွက်မှုများရှိခြင်းကြောင့် နှိမ်နင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရေးကဏ္ဍ မြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ လွတ် လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရန် ကြိုတင်ပြင်ဆင်ဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ နိုင်ငံအား တည်ငြိမ်အေးချမ်းသည့် ပုံမှန်အနေအထား၊ သာမန်အနေအထားသို့ရောက်အောင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရသာ မန်အခြေအနေ မဟုတ်ခြင်းကြောင့် လိုအပ်ချက်နှင့် လုပ်ဆောင်ရမည့် အချက်များကို အရှိန်အဟုန်မပျက် ဆက်လက်လုပ်ဆောင် နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တာဝန်ထမ်းဆောင်ခွင့်ကို ထပ်မံ၍ ခြောက်လသက်တမ်း တိုးမြှင့်ပေးနိုင်ရန် အခြေအနေများနှင့်ပတ်သက်၍ တင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ တင်ပြချက်အပေါ် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများက ဝိုင်းဝန်းသုံးသပ် ဆွေးနွေးခဲ့ကြပြီး ထပ်မံ၍ ခြောက်လသက်တမ်း တိုးမြှင့်ရန်အတွက် ထောက်ခံဆွေးနွေး တင်ပြခဲ့ကြသည်။ ယင်းနောက် ယာယီသမ္မတ ဦးမြင့်ဆွေက လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ အကြမ်းဖက်မှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန်နှင့် သာမန်မဟုတ်သည့် အခြေအနေဖြစ်သည့်အတွက် တာဝန်ထမ်းဆောင်မှုကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များအားလုံး၏ သဘောတူဆွေးနွေး ဆုံးဖြတ်ချက်များအရ "နိုင်ငံတစ်ဝန်းလုံး အရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ခြောက်လတိုးမြှင့်သတ်မှတ်ကြောင်း"ကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်းဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး (၁/၂၀၂၄) ကို ရုပ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။