Breaking

နိုင်ငံတော်ကရသင့်ရထိုက်သည့် အခွန်ရငွေ တိုးတက်လာစေရေး အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက် 

ရန်ကုန်၊ ဇူလိုင် ၉ 
    နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်ရငွေ တိုးတက်လာစေရေး အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်နေကြောင်း ဇူလိုင် ၇ ရက်က နေပြည်တော်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန၌ ကျင်းပခဲ့သည့် ပြည်ထောင်စုအဆင့် အခွန်ကောက်ခံမှုအထောက်အ ကူပြုအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့ အဆင့်ဆင့်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးမှ သိရသည်။
    နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက အမိန့်ကြော်ငြာစာအမှတ်၊ ၁၁၇/၂၀၂၄ ဖြင့် ပြည်ထောင်စုအဆင့် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့များနှင့် မြို့နယ်အခွန်ကောက်ခံမှု အထောက်အ ကူပြုအဖွဲ့များကို ဖွဲ့စည်းတာဝန် ပေးအပ်ခဲ့ကြောင်း၊ ယင်းအမိန့်ကြော်ငြာစာတွင် အခွန်ကောက်ခံမှု အထောက်အကူပြု အဖွဲ့အဆင့်ဆင့်၏ ဖွဲ့စည်းမှုနှင့်လုပ်ငန်းတာဝန်များကို ဖော်ပြထားကြောင်း သိရသည်။
    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ တွင် 'နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကို ပေးဆောင်ရန် တာဝန်ရှိသည်'ဟု ပြဋ္ဌာန်းထားပြီး ယင်းဥပဒေ၏ ဇယား(၁)ပါ ဥပဒေများနှင့် သက်ဆိုင်သည့် အခွန်အခများကို ပြည်ထောင်စုဝန်ကြီးဌာနများ ကလည်းကောင်း၊ ဇယား(၅)ပါ အခွန်အခများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များက လည်းကောင်း နိုင်ငံတော်ဘဏ္ဍာရရှိစေရေး အခွန်အကောက်များကို ကောက်ခံလျက်ရှိကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ယင်းအစည်း အဝေးတွင် ပြော ကြားခဲ့သည်။
    ထို့အပြင် အခွန်ကောက်ခံမှုနှင့်စပ် လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က 'အခွန်ကောက်ခံရာတွင် အခွန်နှုန်းထားကို တိုးမြှင့်ကောက်ခြင်းမရှိဘဲ ရသင့်ရထိုက်သည့် အခွန်နယ်ပယ်ကို ချဲ့ထွင်၍ ထိထိရောက်ရောက် ဆောင်ရွက်ခဲ့သည့်အတွက် အခွန်ရ ရှိမှု တိုးတက်လာသည်ကို တွေ့ရကြောင်း၊ အခွန်နှင့်ပတ်သက်ပြီး တာဝန်ရှိသည့် ဝန်ကြီးဌာနများအနေဖြင့် လည်း နိုင်ငံတော်က ရသင့်ရထိုက်သည့် အခွန်အခများကို ပြည့်ပြည့်၀၀ရရှိအောင် ကောက်ခံပေးရန်လိုကြောင်း၊ အခွန်အခများ ကောက်ယူရာတွင် အခွန်အားတိုးမြှင့်ကောက်ခံခြင်း မပြုလုပ်ဘဲ ယခင်ရှိပြီး အခွန်နှုန်းထားများအတိုင်း ရသင့်ရထိုက်သော နယ်ပယ်အလိုက် မကျန်ရှိအောင် ကောက်ခံခြင်းကို ပြုလုပ်ကြပ် မတ်ဆောင်ရွက်ကြရန် လိုကြောင်း' ပြည်ထောင်စု အစိုးရအဖွဲ့အစည်း အဝေးတွင် လမ်းညွှန်မှုပြုထားကြောင်း သိရသည်။
    ယခုဖွဲ့စည်းထားသည့် အခွန် ကောက်ခံမှု အထောက်အကူပြုအဖွဲ့များတွင် ပြည်ထောင်စုအဆင့် အဖွဲ့အနေဖြင့်အခွန် အပြည့်အဝရရှိစေရေးနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ သတ်မှတ်ပေးရန်၊ သက်ဆိုင်ရာဌာနအသီးသီး ပူးပေါင်းဆောင်ရွက် နိုင်စေရန်၊ အခွန်ပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကြီးကြပ်ပေးရန်နှင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းစဉ်များ၏ အားနည်းချက်နှင့် အားသာချက်များကို ပြန်လည်သုံးသပ် လမ်းညွှန်ပေးရန်ဟူ၍ လုပ်ငန်းတာဝန်များ သတ်မှတ်ထားကြောင်း၊ အဓိကမှာ အခွန်ရငွေတိုးတက်လာစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ကြရန် ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ထည့် သွင်းပြောကြားခဲ့ သည်။
    နိုင်ငံတော်၏ ဘတ်ဂျက်တွင် ရငွေပိုင်း၌ အခွန်ရငွေ၊ အစိုးရဌာနများ၏ ရငွေ၊ ပြည်တွင်း/ ပြည်ပချေးငွေ၊ နိုင်ငံပိုင်စီး ပွားရေးလုပ်ငန်းများက ထည့်ဝင်ငွေတို့မှ ရရှိခြင်းဖြစ်ပြီး ယင်းတို့အနက် အခွန်ရငွေမှာ အဓိက အစိတ်အပိုင်းအဖြစ် ပါဝင်နေကြောင်း၊ ယခုဖွဲ့စည်းထားသည့် အခွန် ကောက်ခံမှု အထောက်အကူပြုအဖွဲ့များကို ပြည်ထောင်စုဝန်ကြီးဌာနများက ပြည်ထောင်စုအတွက် ကောက်ခံရမည့် အခွန်အကောက်များကို လျော့နည်းလွတ်ကင်းမှု မရှိစေဘဲ အပြည့်အဝရရှိစေရေးအတွက် ဝိုင်းဝန်းကြပ် မတ်ထိန်းကျောင်းနိုင်ရန်ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်၍ အခွန်ရငွေများ ပိုမိုတိုး တက်လာစေရန် ကြီးကြပ်ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။
    ယင်းအပြင် နိုင်ငံတော်အနေဖြင့် ပြည်သူလူထု၏ လိုအပ်ချက်ဖြစ်သော ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ထွန်း ပေါ်ပေါက်လာစေရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုး တက်စေရေးအတွက် ဘဏ္ဍာငွေများ ကျခံသုံးစွဲရာတွင် အဓိကဘဏ္ဍာရေး အရင်းအမြစ်ဖြစ်သည့် အခွန်ငွေများကို အပြည့်အ၀ ကောက်ခံရရှိရေးအတွက် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ အဆင့်ဆင့်များက အခွန်ကောက်ခံသည့် ဌာနများကို လိုအပ်သလို ကြီးကြပ်ကွပ်ကဲညှိနှိုင်းပေါင်းစပ်ဆောင် ရွက်ပေးကြရန် ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က  တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

Total Views ~ 296

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43847

© 2022 - 2025 News. All Rights Reserved.