နေပြည်တော် ဧပြီ ၁
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် တောင်ညိုမြို့ရှိ အမှတ် (၂) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကား ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် လွတ်လပ်ရေးကြိုးပမ်းမှု ကာလကတည်းက မြန်မာ့တပ်မတော်နှင့်အတူ စတင်သန္ဓေတည်ခဲ့သည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့၏ ခရီးသည် ယနေ့ဆိုပါက (၇၇) နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရှည်လျားသည့် သမိုင်းခရီးတစ်လျှောက် မဆုတ်မနစ်သောဇွဲ လုံ့လဝီရိယတို့ဖြင့် နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်လာသည့်တာဝန်များကို ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းထမ်းရွက်ခဲ့ကြသည့် တပ်ဖွဲ့ဝင်များအားလုံး၏ စွမ်းဆောင်နိုင်ခဲ့မှုများအတွက် ဂုဏ်ယူအသိအမှတ်ပြုကြောင်းကို ပြောကြားလိုကြောင်း။

ပြည်သူ့ဆက်ဆံရေး (Public Relation) ဆိုသည်မှာ စစ်ဘက်-နယ်ဘက် ဆက်ဆံရေးအထိ သက်ရောက်မှုရှိသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး စိတ်ဓာတ်စစ်ဆင်ရေးဟူသည် တပ်မတော် (ကြည်း၊ ရေ၊ လေ) အင်အားစုကြီးတစ်ခုလုံးကို စိတ်ဓာတ်ဖြင့်တည်ဆောက်ခြင်း၊ ပြည်သူကြားက မွေးဖွားလာသော တပ်မတော်နှင့် ပြည်သူကိုတစ်သားတည်းဖြစ်စေခြင်းဆိုသည်အထိ စွမ်းပကားရှိကြောင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့များသည် တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်များဖြစ်သည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၊ စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်းနှင့် စည်းရုံးရေးလုပ်ငန်းများကို ကျေပွန်အောင်မြင်စွာ ထမ်းဆောင်နိုင်ရေးအတွက် မိမိတို့သိသင့်သိထိုက်သည့် အသိပညာများနှင့် တတ်ကျွမ်းရမည့် အတတ်ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာနေကြရမည်ဖြစ်ကြောင်း၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့ဝင်များပီပီ နိုင်ငံတော်၏ အမျိုးသားရေးမူဝါဒများကို လေးနက်စွာခံယူနားလည်ပြီး တပ်မတော်သားများ၊ တပ်မတော်သား မိသားစုဝင်များနှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးပါ နိုင်ငံချစ်စိတ်ပိုမိုမြင့်မားလာစေရေး၊ အမျိုးသားရေး ယုံကြည်ချက်၊ ခံယူချက်များ ပိုမိုတိုးတက်လာစေရေးတို့ကို တစိုက်မတ်မတ်ကြိုးပမ်း ထမ်းရွက်သွားကြရန်လိုကြောင်းကို အလေးအနက်ထား တိုက်တွန်းလိုကြောင်း။

တာဝန်များကို ထမ်းဆောင်ရာတွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တပ်ဖွဲ့ဝင်များ၏ ပင်ကိုပါရမီနှင့် အသီးသီး သင်ကြားတတ်မြောက်ထားသည့် စာပေ၊ ဂီတ၊ အနုပညာ၊ မီဒီယာဆိုင်ရာ အတတ်ပညာရပ်များဖြင့် တပ်မတော်သားများနှင့် တပ်မတော်သားမိသားစုဝင်များ၏ ပညာရည်မြင့်မားရေး၊ တပ်တွင်းစည်းလုံးညီညွတ်ရေး၊ ရှေ့တန်းရောက် တပ်မတော်သားများ၏ တိုက်ပွဲဝင်စိတ်ဓာတ်များ ရှင်သန်နိုးကြားစေရေးတို့အတွက်လည်း သမိုင်းအဆက်ဆက်မှ ယနေ့ထက်တိုင် ကျေပွန်စွာ ထမ်းဆောင်နေကြသည်ကို တွေ့မြင်နေရဆဲ ဖြစ်ကြောင်း။

အနုသုခုမနှင့်သာမက တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်းများ အသီးသီးကလည်း တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်များ၏ တိုက်ပွဲဝင်စိတ်ဓာတ်မြင့်မားရေးကို အထူးအလေးထားဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း၊ မကြာခင် စစ်မှုထမ်းကြတော့မည့် ပြည်သူ့စစ်မှုထမ်းများကိုလည်း တိုင်းချစ်ပြည်ချစ်စိတ်၊ နိုင်ငံတော်ကာကွယ်လိုစိတ် ထာဝရကိန်းအောင်းသွားစေရေး ဆောင်ရွက်သွားရန်လိုသကဲ့သို့ နောင်တာဝန်ထမ်းဆောင်ကြမည့် မျိုးဆက်သစ် နိုင်ငံသားများကိုလည်း နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ကြမည်ဟူသည့် ခံယူချက်မျိုးဖြစ်လာရေး ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်များသည် စာပေ၊ ဂီတ၊ မီဒီယာ စသည့်အသိ ပညာရှင်၊ အတတ်ပညာရှင်များဖြင့် အနုပညာဆိုင်ရာ သဘောသဘာဝအပေါ်အခြေခံပြီး ဖွဲ့စည်းထားသည့် တပ်ဖွဲ့များဖြစ်သောကြောင့် တပ်ဖွဲ့တွင်းစည်းလုံး ညီညွတ်မှုရှိစေရေးသည် အရေးကြီးကြောင်း၊ ပေးအပ်လာသည့် တာဝန်အရပ်ရပ်အပေါ် တစ်ဦးတစ်ယောက် ကောင်းအားထက် စုပေါင်းအားကို အဓိကမဏ္ဍိုင်ပြုပြီး ကျေပွန်အောင် ထမ်းဆောင်သွားကြရန်လိုကြောင်း၊ မှန်ကန်သည့်အသိ၊ ခိုင်မာသည့် ခံယူချက်ကောင်းများနှင့် မိမိတို့ကိုယ်စီ တတ်မြောက်ကျွမ်းကျင်ထားကြသည့် အတတ်ပညာစွမ်းအားများပေါင်းစပ်ပြီး နိုင်ငံတော်၊ တပ်မတော်နှင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ အမျိုးသားရေးအားမာန်များ ပိုမိုခိုင်မာလာအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့များ၏ သမိုင်းနှင့်အစဉ်အလာကောင်းများကို ထိန်းသိမ်းစောင့်ရှောက်သွားကြပြီး တပ်ဖွဲ့၏ မူလရည်မှန်းချက်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရန် နိုင်ငံတကာရေးရာနှင့် မျက်မှောက်ခေတ်အခြေအနေများကို မျက်ခြည်မပြတ်လေ့လာနေကြရမည်ဖြစ်ကြောင်း၊ တပ်မတော်မှ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် ကျရောက်လာမည့် မည်သည့်အန္တရာယ်မျိုးမဆို ကာကွယ်နေချိန်တွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့အနေဖြင့် တပ်မတော်မှအားကိုးရသည့် လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်စေရန် တပ်ဖွဲ့ဝင်တိုင်း၏ အသိပညာ၊ အတတ်ပညာစွမ်းပကားများကိုတိုးတက်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော် ရှေ့ဆက်သွားမည့်ခရီးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြရန် လေးလေးနက်နက် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးကွပ်ကဲမှုအောက် တပ်မတော်ကျောင်းများမှ နိုင်ငံတော်အဆင့် ပြည်တွင်းပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား ဆုများပေးအပ်ချီးမြှင့်ရာ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် “စောင်နီလေးတစ်ထည်” ဇာတ်ကားဖြင့် အကောင်းဆုံးရုပ်ရှင် ဒါရိုက်တာဆုရရှိခဲ့သည့် ဗိုလ်မှူး တင်အောင်စိုး၊ ၂၀၂၂ ခုနှစ်၊ စာပေဗိမာန်စာမူဆု စာပဒေသာ (ပထမဆု) ရရှိသည့် ဗိုလ်ကြီး နေထွဋ်အောင်၊ ၂၀၂၃ ခုနှစ်၊ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဝါသနာရှင် ဒုတိယတန်းအဆင့် (အမျိုးသမီး) ပတ္တလားအတီးပြိုင်ပွဲ (ပထမဆု) နှင့် ဝါသနာရှင် ပထမတန်းအဆင့် (အမျိုးသမီး) စန္ဒရားအတီးပြိုင်ပွဲ (တတိယဆု) ရရှိသည့် ဒုတိယအရာခံဗိုလ် အစားခန့် ဒေါ်တင်ဇာအေးလွင်တို့က ဆုများလက်ခံရယူကြသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးက နှစ်ပတ်လည်နေ့အထိမ်းအမှတ်လက်ဆောင်ကို ဂါရဝပြုပေးအပ်သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဂုဏ်ပြုချီးမြှင့်ငွေကိုပေးအပ်ရာ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးက လက်ခံရယူသည်။