Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သက်ကြီး ဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် လှူဒါန်းငွေ ကျပ်သိန်း(၁၀၀)လှူဒါန်း

၂၀၂၄  ဇန်နဝါရီ ၁
    ၂၀၂၃ ခုနှစ်အတွင်း ဂီတပညာရှင် ၁၃ ဦး ကွယ်လွန်ပြီး (၁၃) ကြိမ်မြောက် သက်ကြီး ဂီတပညာရှင်များ ကန်တော့ခံ ပုဂ္ဂိုလ်စာရင်းတွင် ဂီတပညာရှင် ၁၆ ဦးခန့် ပါဝင်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောသည်။ 
    "နှစ်စဉ်နှစ်တိုင်း ဂီတအစည်း အရုံးဗဟိုကနေ (၁၃) ကြိမ်မြောက်တောင် ရောက်ရှိလာပြီဖြစ်တဲ့ သက်ကြီးဂီတပညာရှင် များကို ပူဇော်ကန်တော့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်းမှာ ဂီတပညာရှင် ၁၃ ဦးလောက် ကွယ်လွန်သွားကြပြီဖြစ်တယ်လို့လည်း သိရပါတယ်။ ၁၆ ဦးလောက်လည်း ကန်တော့ခံ ပုဂ္ဂိုလ်များထဲမှာ ပါဝင်လာကြပြီ လို့လည်း သိရပါတယ်။ ဂီတပညာရှင်လို့ ပြောတဲ့နေရာမှာ အသံအားဖြင့် တူရိယာများကို တီးခတ်ပေးကြတဲ့ ပညာရှင်တွေလည်းပါ ပါတယ်။ ဂီတဆိုတာ မွေးကတည်းက အမေ့ရဲ့ သားချော့တေးတွေနဲ့  ကြီးပြင်းလာခဲ့ကြရတဲ့ ပုဂ္ဂိုလ်တွေချည်းပဲ ဖြစ်ပါတယ်။ ဂီတဟာ လူတွေရဲ့ နှလုံးသားကို ပျော်ရွှင်စေတယ်။ ဝမ်းသာစေတယ်။ ပူဆွေးစေတယ်။ နှိုးဆွနိုင်စွမ်းရှိတယ်။ ခေတ်အလိုက် သံစဉ်တွေလည်း ပြောင်းလဲလာကြတဲ့ သဘောသဘာ၀ ရှိပါတယ်။ တက်ရောက်ပြီး ပူဇော်ကန်တော့ခံ ကြတဲ့ ပုဂ္ဂိုလ်တွေဟာ နိုင်ငံအကျိုးအတွက်လည်း ထမ်းဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ ကမ္ဘာမှာလည်း သိကြတဲ့ ပုဂ္ဂိုလ်ကြီးများ ဖြစ်ပါတယ်။ နိုင်ငံအတွက် လူတစ်ယောက်ချင်းဆီအတွက် တကယ်ကို ခံစားပြီး သီဆိုတီးခတ်ကြသူတွေ ဖြစ်ပါတယ်။ လာမယ့် လက်ဆင့်ကမ်းကြမယ့် မျိုးဆက်တွေကလည်း ဒီအစဉ်အလာကို ထိန်းသိမ်းပေးကြဖို့ တိုက်တွန်းအပ်ပါတယ်"ဟု ၎င်းကပြောသည်။
    မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)၏ (၁၃)ကြိမ်မြောက် သက်ကြီးဂီတ ပညာရှင်များ ကန်တော့ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက်က ရန်ကုန်မြို့ တာမွေ မြို့နယ်ရှိ ှုပ Sky Star Hotel ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်၍ မုဒိတာစကားပြောကြားခြင်း ဖြစ်သည်။ 
     (၁၃)ကြိမ်မြောက် သက်ကြီးဂီတ ပညာရှင်များ ကန်တော့ပွဲ အခမ်းအနားတွင် တေးသံရှင် ဖြူသီ၊ ဂီတစာဆို လွင်မြင့်၊ စည်သူ တင်တင်မြ၊ ရေနံ့သာ ဝင်းမောင်၊ စည်သူ ချိုဝေလွင်၊ တေးသံရှင် ခင်မောင်ကြီး၊ မောင်ဝင်းမောင်၊ ထရမ်းပတ်တင်သိန်း၊ တေးသံရှင် စည်သူ ထား၊ တေးသံရှင် ချိုပြုံးနဲ့အတူ သက်ကြီး ဂီတပညာရှင်များက တက်ရောက် ပြီး ပူဇော်ခံခဲ့ကြကြောင်း သိရသည်။
    "ဂီတအစည်းအရုံး အလုပ်အမှု ဆောင်များအားလုံးနဲ့ မြို့နယ်ဂီတအစည်း အရုံးတွေ၊ ကျန်တဲ့နိုင်ငံတော်မှာရှိတဲ့ သက် ဆိုင်ရာအဖွဲ့တွေ အားလုံးက ဝိုင်းဝန်းပြီး ဂီတအစည်းအရုံးရဲ့ (၁၃)ကြိမ်မြောက် သက် ကြီးပူဇော်ပွဲ အောင်မြင်စွာ ပြီးမြောက်သွား လို့ ဝမ်းသာမိပါတယ်။ ဒီနှစ် သက်ကြီးပူဇော် ပွဲက ဂီတပညာရှင်များကို သီးခြားပူဇော်တဲ့ ပွဲဖြစ်ပါတယ်။ နောင်တစ်ချိန်မှာတော့ ပညာ ရှင်များ အားလုံးပါဝင်တဲ့ ပွဲတစ်ပွဲကို ကျင်းပမှာ ဖြစ်တယ်။ လက်ရှိတော့ အခြေအနေအရ အကန့်အသတ်ရှိတဲ့အတွက် အကျဉ်းချုံး ကျင်းပတာ ဖြစ်ပါတယ်။ ဘယ်လိုပဲပြောပြော ဂီတသမားတွေအားလုံး ဆုံကြတယ်။ သက်ကြီးဝါကြီးတွေ ပြန်ဆုံကြတဲ့အချိန်မှာ သူတို့ရဲ့ ပျော်ရွှင်ကြည်နူးမှုက သူတို့ရဲ့ အသက်ရှည်မှုဖြစ်ပါတယ်။ ဒီအတွက်လည်း အများ ကြီး ဝမ်းသာပါတယ်"ဟု မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)၏ဥက္ကဋ္ဌ ဦးလွင်မြင့်က ပြောသည်။ 
    ကန်တော့ခံ သက်ကြီးဂီတပညာရှင် ၁၆၈ ဦးခန့်ရှိပြီး အခြေအနေကြောင့် သက်ကြီးပညာရှင် တချို့ကိုသာ ပူဇော်ကန် တော့ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိသည့် ဂီတပညာရှင်တွေကို ကိုယ်တိုင်သွားရောက် ပူဇော်မည်ဖြစ် ကြောင်းသိရသည်။ 
    သက်ကြီးဂီတပညာရှင် တင်ဦး လေးက ''မြန်မာနိုင်ငံ ဂီတအစည်းအရုံး (ဗဟို)ရဲ့ (၁၃)ကြိမ်မြောက် သက်ကြီးဂီတ ပညာရှင်များကန်တော့ပွဲ အခမ်းအနားကို ဒီနှစ်နဲ့ဆို တက်ရောက်တာ သုံးနှစ်ရှိပါပြီ။ ကျွန်တော်တို့လည်း ကျန်းကျန်းမာမာနဲ့ ကိုယ့်နဲ့သက်တူတွေနဲ့ရော ပြန်လည်တွေ့ဆုံ ခွင့်ရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ ဒီလို နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပြတ် ကျင်းပပေးတဲ့အတွက်လည်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)က တာဝန်ရှိသူတွေ ကို အများကြီး ကျေးဇူးတင်ပါတယ်"ဟု ပြောကြားခဲ့သည်။
    နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် လှူဒါန်းငွေ ကျပ်သိန်း ၁၀၀ နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းငွေတို့ကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနမှ လှူဒါန်းငွေကျပ် သိန်း ၃၀ တို့ကို ဒုတိယဝန်ကြီး ဦးရဲတင့်ကလည်းကောင်း ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့် ကလက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။ 
     (၁၃)ကြိမ်မြောက် သက်ကြီးဂီတ ပညာရှင် ပူဇော်ကန်တော့ပွဲတွင် အသက် (၈၀)နှင့်အထက် သက်ကြီးဂီတပညာရှင် တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းခွဲနှုန်း၊ အသက် (၈၀)အောက် ကန်တော့ခံသက်ကြီး ဂီတပညာရှင် တစ်ဦးလျှင် ကျပ်နှစ်သိန်းနှုန်း၊ တစ်သိန်းခွဲနှုန်းဖြင့် လှူဒါန်းခဲ့ကြပြီး (၁၃)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များအား ပူဇော်ပွဲတွင် ကန်တော့ခံသက်ကြီးပညာရှင် ၁၆၀ ဦး တက်ရောက် ကန်တော့ခံကြသည်။

Total Views ~ 168

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43938

© 2022 - 2025 News. All Rights Reserved.