ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်ထံမှ
စိန်ရတု လွတ်လပ်ရေးနေ့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်ထံက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ လွတ်လပ် ရေးအခါသမယတွင် မိမိအနေဖြင့် အဆွေတော်ထံသို့ လှိုက်လှဲစွာ နှုတ်ခွန်းဆက်သအပ်ပါကြောင်း၊မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့ကိုစည်းနှောင်းထားသည့် ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဗလာဒီဗော့စတော့မြို့၌ မိမိတို့၏နှစ်ဖက်တွေ့ဆုံမှုက အပြည့်အဝခိုင်မာစေခဲ့ပါကြောင်း ဖော်ပြထားသည်။
ထို့အပြင် နှစ်နိုင်ငံအကြား ရရှိထားပြီးဖြစ်သည့် သဘောတူညီချက်များသည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် ဒေသတွင်းတည်ငြိမ်မှုနှင့် လုံခြုံမှုတိုးမြှင့်စေရေးတို့အတွက် နယ်ပယ်စုံရှိ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်စေနိုင်ရန် အထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်းနှင့် အဆွေတော်ကျန်းမာ၍ အောင်မြင်မှုများရရှိပါစေကြောင်းနှင့် မြန်မာပြည်သူများ ငြိမ်းချမ်း သာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင်က သဝဏ်လွှာ ပေးပို့ခဲ့သည်။
ထို့အတူ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ မီခေးလ် မီရှုစတင်ကလည်း စိန်ရတု လွတ် လပ်ရေးနေ့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ မီခေးလ် မီရှုစတင်၏သဝဏ်လွှာတွင် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံကို ချစ်ကြည်ရင်းနှီးသည့် မိတ်ဖက်ဆက်ဆံရေးဖြင့် စည်းနှောင်ထားပြီး နှစ်နိုင်ငံအစိုးရများအကြား တက်ကြွသည့် ပူးတွဲဆောင်ရွက်မှုများသည် ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနှင့်နည်းပညာနှင့် လူသားချင်းစာနာမှုဆိုင်ရာနယ်ပယ်များရှိ ပူးပေါင်းဆောင်ရွက်မှု များကို ပိုမိုခိုင်မာစေမည်ဖြစ်ပြီး အလားအလာရှိသောစီမံကိန်းများ တိုးမြှင့်စေရန် အခြေအနေကောင်းများကို ဖြစ်ထွန်းရရှိမည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည်။
ထို့အပြင်အဆွေတော် ကျန်းမာရွှင်လန်းပြီး၊ အရေးကြီးသော လုပ်ငန်းတာဝန်များတွင် အောင်မြင်မှု သစ်များ ရရှိပါစေကြောင်းနှင့် မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ရုရှားဝန်ကြီးချုပ် မစ္စတာ မီခေးလ် မီရှုစတင်က သဝဏ်လွှာပေးပို့ခဲ့သည်။