၂၀၂၄ ၊ မတ် ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်စားပြုအဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့အကြား တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းအပေါ် ဆွေးနွေးသဘောတူညီမှုများကို နှစ်ဦးနှစ်ဖက် ထုတ်ဖော်ပြောကြားခြင်း မပြုရန်သဘောတူထားကြောင်းနှင့် နိုင်ငံပိုင်နယ်နိမိတ် အချုပ်အခြာအာဏာသည် ဆက်လက်ခိုင်မြဲလျက်ရှိသကဲ့သို့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ တရားဥပဒေစိုးရေး၊ နယ်စပ်ဂိတ်နှင့် ကုန်သွယ်မှုများ စီမံခန့်ခွဲမှုသည် မြန်မာ-တရုတ် နှစ်နိုင်ငံအစိုးရများ အောက်တွင်သာ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ် ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
"ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး တိကျခိုင်မာမှုမရှိဘဲ လိုရာဆွဲပြီး ပြောဆိုနေတာတွေ၊ ဖြစ်ချင်တာတွေ ပြောဆိုနေတာတွေကိုလည်း တွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ပထမဆုံးအသိပေးလိုတာကတော့ ဆွေးနွေးမှုကို ဒီလဆန်းပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲဟာ ငြိမ်းချမ်းရေးဆက်လက် ဆွေးနွေးရမှာတွေကို မထိခိုက်စေဖို့ဆွေးနွေးတဲ့ အချက်အလက်များကို နှစ်ဦးနှစ်ဖက်က ထုတ်ဖော်မပြောဖို့ သဘောတူထားတဲ့ဆွေးနွေးပွဲ အမျိုးအစားများဖြစ်ကြောင်း ပြောလိုပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဆွေးနွေးပွဲ အကြောင်းအရာများနဲ့ သဘောတူညီချက်များကို ပြောကြားမှာ မဟုတ်ပါဘူး။ ဖြစ်ပေါ်နေတဲ့ ကောလာဟလအပေါ်မှာ ကျွန်တော်တို့ ပြည်သူလူထု၊ မီဒီယာများ သိသင့်သိထိုက်တာကို အသိပေးရမှာကိုပဲ ပြောကြားလိုပါတယ်။
ပထမအချက်အနေနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ ပိုင်နက်နယ်နိမိတ် အချုပ်အခြာအာဏာ Sovereignty သည် ဆက်လက်ခိုင်မြဲနေမှာ ဖြစ်ပါတယ်။
နံပါတ်(၂) အနေနဲ့ကတော့ ဒေသခံပြည်သူလူထုရဲ့ လူမှုစီးပွားဘ၀ တည်ငြိမ်ရေးကိုရှေးရှုပြီး ပစ် ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ပဋိပက္ခလျှော့ချရေးလမ်းစဉ်ကို ဆက်လက်ဆောင်ရွက် နေပါတယ်။
နံပါတ်(၃)အနေနဲ့ကတော့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ နယစပ်ဂိတ်များ စီမံခန့်ခွဲမှု၊ ကုန်သွယ်မှုတို့ဟာ နှစ်နိုင်ငံအစိုးရရဲ့ စီမံခန့်ခွဲမှုအောက်မှာပဲ ရှိမှာဖြစ်ပါတယ်။
နံပါတ် (၄) အနေနဲ့ကတော့ တရုတ်-မြန်မာ နှစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ အကျိုးစီးပွားများကို မြန်မာအစိုးရအနေနဲ့ အလေးထားကာကွယ်မှုများ ဆောင်ရွက်နေပါတယ်။ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
နံပါတ် (၅) အနေနဲ့ကတော့ နယ်စပ်ဒေသတည်ငြိမ်ရေး၊ လုံခြုံရေးကိုထိခိုက်စေတဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချမှုတွေ၊ ဆိုက်ဘာမှုခင်းကိစ္စရပ်တွေကို နှစ်နိုင်ငံအစိုးရနှစ်ရပ် ပူးပေါင်းပြီး ပြတ်ပြတ်သားသား ဆက်လက်နှိမ်နင်းသွားမှာ ဖြစ်ပါတယ်။
နံပါတ် (၆) အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ပိုင်နက် နယ်မြေကို အသုံးပြုပြီး အိမ်နီးချင်းနိုင်ငံများရဲ့အကျိုးစီးပွားကို ထိခိုက်အောင်လုပ်ဆောင်တဲ့ မည်သည့်လုပ်ဆောင်မှုကိုမှ မြန်မာနိုင်ငံက လက်ခံမှာမဟုတ်ပါဘူး။
နံပါတ်(၇)အနေနဲ့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖြစ်မြောက်အောင်လုပ်ဆောင်ပေးတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနဲ့ သက်ဆိုင်သူ အားလုံးကို ကျေးဇူးတင်ရှိကြောင်းပြောလိုပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့တို့အကြား ဆွေးနွေးမှုများ ပြုလုပ်ပြီးချိန်တွင် အချို့သောမီဒီယာများတွင် သတင်းမှားများ ဖော်ပြခဲ့သလို နယ်စပ်ကုန်သွယ်ရေး ကဏ္ဍတွင် ကုန်စည်များအပေါ် အခွန်စည်းကြပ် ကောက်ခံရရှိငွေများကို ရခိုင်နှုန်းအလိုက်ခွဲဝေရရှိမည်ဟူသော ကောလာဟလ သတင်းမှားများ ဖြန့်ဝေနေခြင်း ဖြစ်သည်။