၂၀၂၄ ၊ ဇန်နဝါရီ ၃၁
နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းလိုကြသည့် နိုင်ငံရေးပါတီများကို အသကအန္တရာယ်ခြိမ်းခြောက်မှုမှ ကာကွယ်ပေးနိုင်မှသာလျှင် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနိုင်မည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ NLD ပါတီဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်းက ပြောသည်။
"အခု လောလောဆယ်တော့ နိုင်ငံရေးပါတီတွေမှာ လုပ်သာကိုင်သာအခြေအနေမရှိဘူး။ နံပါတ်(၁)ကတော့ နိုင်ငံရေးပါတီတည်ထောင်တဲ့ ဥပဒေကိုယ်၌ကကို ဒုက္ခရောက်တာ။ ဒီလိုမျိုး တစ်နိုင်ငံလုံး စစ်ဖြစ်နေတဲ့ကာလမှာ နိုင်ငံရေးပါတီတွေကို လူတစ်သိန်း ပြည့်ဖို့ဆိုတာက အရင်ဆုံး ဥပဒေပြဋ္ဌာန်းကတည်းကိုက ဒုက္ခရောက်စေတာ။ ဒါကြောင့် ပါတီတွေ လွတ်လပ်စွာ လှုပ်ရှားနိုင်ဖို့၊ ပါတီတွေ တည်ထောင်နိုင်ဖို့ဆိုရင် နံပါတ်(၁)ကတော့ ဒီဥပဒေတွေ ဖြေလျှော့ဖို့ကိုပဲ အရင်လုပ်ပေးရမယ်။ နောက်တစ်ခု နိုင်ငံရေးပါတီဝင်တွေကို လက်နက်ကိုင်ပြီးတော့၊ နိုင်ငံရေးကို နိုင်ငံရေးနည်းအရ ဖြေရှင်းမှုမဟုတ်ဘဲနဲ့ နိုင်ငံရေးကို အကြမ်းဖက်သော လက်နက်ကိုင်သောနည်းနဲ့မှ ဖြေရှင်းလို့ရတယ်ဆိုတဲ့ လူတွေရဲ့ ခြိမ်းခြောက်မှုတွေ၊ သတ်ဖြတ်မှုတွေကိုလည်း ပါတီဝင်တွေ ခံစားနေရတာ အများကြီးတွေ့နေရတယ်။ ဒီလိုမျိုးဟာတွေက တစ်ဦးချင်း မဟုတ်ဘူးဆိုရင်တောင် ဒီလိုမျိုးဟာတွေကို ကာကွယ်ပေးနိုင်မှသာလျှင်၊ သူတို့ရဲ့ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေကို ကာကွယ်ပေးနိုင်မှသာလျှင် ပါတီဝင်တွေက ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားနိုင်မှာဖြစ်တယ်။ အဲဒါမျိုးတွေ မကာကွယ်ပေးနိုင်သရွေ့ကတော့ စောစောကလို မျိုး နိုင်ငံရေးပါတီတွေ လှုပ်ရှားနိုင်ဖို့ဆိုတာ အခြေအနေမမြင်ဘူး။ နံပါတ်(၁)ကတော့ စပြီး ဥပဒေကိုက ဒုက္ခရောက်နေတာအပြင် မြေပြင်ဆင်းပြီးတော့ နိုင်ငံရေးပါတီတွေ လှုပ်ရှားဖို့ဆိုတာ တော်တော်ခက်တယ်။ အဲဒီတော့ မြန်မာနိုင်ငံရဲ့အဓိကဖြစ်နေတဲ့ ကိစ္စတွေအားလုံးမှာ မြန်မာနိုင်ငံရဲ့ ထွက်ပေါက်ကဘာလဲဆိုရင် ရွေးကောက်ပွဲပဲ။ ရွေးကောက်ပွဲကို ဦးတည်တယ်ဆိုရင် နိုင်ငံရေးပါတီတွေကို လှုပ်ရှားခွင့်ရရှိဖို့ ဒီလိုရွေးကောက်ပွဲကို အမြန်ဆုံးကျင်းပပေးဖို့ဆိုတာ အရေးကြီးဆုံးပဲလို့ ကျွန်မမြင်တယ်"ဟု ၎င်းကပြောသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့သည်မှာ သုံးနှစ်တာကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ ကောင်းမွန်သော အပြောင်းအလဲတစ်ခုပြုလုပ်ရန် လိုအပ်လာ ပြီဖြစ်ကြောင်း၊ တိုင်းပြည်အတွက် ကောင်းသောအပြောင်းအလဲဖြစ်သွားပြီဆိုလျှင် ၎င်းင်း အချိုးအကွေ့က တိုင်းပြည်ကို ကယ်တင်နိုင်သည့် အချိုးအကွေ့တစ်ခုဖြစ်မည်ဟု NLD ပါတီ ဗဟိုကော်မတီဝင် ဒေါ်စန္ဒာမင်းက ထပ်မံပြောသည်။
"ကျွန်မထင်တာကတော့ အခုအချိန်က အပြောင်းအလဲတစ်ခုလုပ်ဖို့ လိုအပ်ပြီလို့တော့ အားလုံးက ယုံကြည်နေကြတယ်။ တိုင်းပြည်ဟာ အပြောင်းအလဲတစ်ခု တကယ်ကိုပဲ အပြောင်းအလဲတစ်ခု လုပ်လိုက်တယ်ဆိုရင်တော့ ကောင်းသောအပြောင်းအလဲဖြစ်သွားပြီဆိုရင်တော့ ကျွန်မတို့ ဒီအချိုး အကွေ့က တိုင်းပြည်ကို ကယ်တင်နိုင်တဲ့ အချိုးအကွေ့တစ်ခု ဖြစ်လိမ့်မယ်လို့ ကျွန်မမြင်တယ်"ဟု ၎င်းက ဆိုသည်။
နိုင်ငံရေး လေ့လာသုံးသပ်သူများ၏ သုံးသပ်ချက်များအရ ရွေးကောက်ပွဲသည် နိုင်ငံရေးပဋိပက္ခ ဖြစ်စဉ်အားလုံးကို မဖြေရှင်းနိုင်သော်လည်း ပြဿနာကို ဖြေရှင်းနိုင်သည့် တံခါးပေါက်တစ်ခု ဖြစ်နိုင်ကြောင်း ပြောကြသည်။
၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်ရာအကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူသွားမည်ဖြစ်ပြီး ရရှိလာသည့် အချက်အလက်များက ရွေးကောက်ပွဲအတွက် အခြေခံကျသည့် မဲစာရင်း မှန်ကန်ပြည့်စုံရေးတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
( ၂၀၂၄ ဇန်နဝါရီ ၃၀ ရက်နေ့က နိုင်ငံရေးပါတီများ၏ လူအင်အားနှင့်ပါတီရုံခန်း ဖွင့်လှစ်ရမည့် အရေအတွက် ပြင်ဆင်သည့် ဥပဒေများ ထုတ်ပြန်ခဲ့ပါသည်။ )