Breaking

နိုင်ငံရေးဘောင်ကျယ်လာစေရန် နိုင်ငံရေးပါတီများက ကြိုးစားဆောင်ရွက်မည်ဆိုပါက အကျိုးသက်ရောက်မှုတစ်ခု ရှိလာနိုင်ဟုဆို

၂၀၂၄၊ ဖေဖော်ဝါရီ ၂၁
    နိုင်ငံရေးဘောင်ကျယ်လာစေရန် နိုင်ငံရေးပါတီများ လူထုကြားတွင်ရှိသော နိုင်ငံရေးပါတီများက ကြိုးစားဆောင်ရွက်မည်ဆိုပါက အကျိုးသက်ရောက်မှုတစ်ခု ရှိလာနိုင်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) အတွင်းရေးမှူး (၂) စောခွန်ကျော်ဝင်းကပြောသည်။ 
    "အဓိကတော့ လက်ရှိအနေအထားမှာက လုပ်နိုင်တာက နိုင်ငံရေးပါတီတွေကပဲ လူထုကြားမှာ ရှိတဲ့အခါကျတော့ နိုင်ငံရေးပါတီတွေအနေနဲ့ လုပ်နိုင်သမျှ ကြိုးစားပြီး လုပ်ဆောင်ပေးနိုင်ရင် နိုင်ငံရေးဘောင်တွေ ကျယ်လာမယ်။ စစ်ရေးဘောင်တွေ ကျဉ်းလာနိုင်တဲ့ အနေအထားမှာရှိတာပေါ့။ ဒါပေမဲ့ ဒီအခင်းအကျင်းမှာ တစ်ဖက်နဲ့တစ်ဖက် ဘယ်လောက် လက်ခံနိုင်သလဲဆိုတဲ့ အခြေအနေပေါ်မှာ မူတည်တယ်။ လက်မခံနိုင်ဘူးဆိုရင်တော့လည်း မရနိုင်ဘူး။ ဒါပေမဲ့ ကြိုးစားပြီး လုပ်ဆောင်ကြမယ်ဆိုရင်တော့ အကျိုးသက်ရောက်မှု တစ်ခုခုတော့ ရှိလာနိုင်တယ်"ဟု ၎င်းကပြော သည်။
    ထို့အပြင် နိုင်ငံရေးဘောင်ကျဉ်း၍ စစ်ရေးဘောင်ကျယ်ပြန့်လာမည်ဆိုပါက ပြည်သူလူထုအပေါ် ပို၍ ထိခိုက်နိုင်မည်ဖြစ်ကြောင်း စောခွန်ကျော်ဝင်းက ထပ်မံပြောဆိုသည်။ 
    "လက်ရှိအခြေအနေက သုံးသပ်ရတာ နည်းနည်းခက်တယ်။ တော်လှန်ရေး တိုက်ပွဲတွေက လည်း ကျယ်ပြန့်လာတယ်။ ဒါက ကျွန်တော်တို့ နယ်မြေဒေသအပေါ် အခြေခံပြီးပြောတာပါ။ ကျွန်တော်တို့ နယ်မြေဒေသမှာ စစ်ဘောင်က ပိုကျယ်လာတဲ့ အနေအထားမှာရှိတယ်။ စစ်ဘောင် ပိုကျယ် လာရင်တော့ ပြည်သူလူထုပိုပြီး ထိခိုက်နိုင်တယ်။ တိုင်းရင်းသားလက် နက်ကိုင်တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကလည်း ကိုယ်လို ချင်တဲ့ ပုံစံအတိုင်းသွားတာက သွားကြတာ ပေါ့နော်။ ဒါပေမဲ့ လက်နက်အားကိုးပြီးတော့ ဖြစ်နိုင်မလားလို့ စဉ်းစားကြည့်ပေါ့ဗျာ။ ကျွန်တော်တော့ မဆုံး ဖြတ်တတ်ဘူး။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေက အသိဆုံးပေါ့။ ဖြစ်နိုင်ခြေရှိမရှိဆိုတာ။ ကျွန်တော့် အမြင်ကတော့ လူထုကိုထိခိုက်မှု ပိုများနိုင်တယ်။ ဒီအချိန်မှာ စစ်ဘောင်ကို မချဲ့ဘဲ ထိန်းချုပ်မှသာလျှင် အကောင်းဆုံးနဲ့ လူထုကို သက်သာရာရစေမယ့် အနေအထားမှာ ရှိတယ်။ နိုင်ငံရေးအရ စကားပြောနိုင်ရင် အကောင်းဆုံးပေါ့။ စစ်ဘောင်ကိုချဲ့ရင်တော့ စစ်ရဲ့အနိဋ္ဌာရုံကို လူထုကခံစားရမှာ ပေါ့နော်"ဟု ၎င်းကပြောသည်။
    ဖေဖော်ဝါရီ ၁၃ ရက်က နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံ ရေးပါတီများမှ တာဝန်ရှိသူများနှင့် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်၌ တွေ့ဆုံ ဆွေးနွေးခဲ့သည်။
    အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က "အချို့သော မြို့နယ်များ၌ လုံခြုံရေးအရ ပါတီလှုပ်ရှားမှုများ ဆောင်ရွက်ရန် အခက်အခဲရှိမည်ဖြစ်သော်လည်း ပါတီများအလိုက် မိမိတို့လုပ်နိုင်သည့်အခြေ အနေတွင်ရှိသည့်ဒေသများ၌ ပါတီလှုပ်ရှားမှုများကို ပြည်သူလူထုနှင့် အဆက်မပြတ် ထိတွေ့ဆောင်ရွက်နေရန်လိုကြောင်း၊ ပါတီ ဖွဲ့စည်းထားသည့် မြို့နယ်များ၊ ဖွဲ့စည်းရန် ရည်ရွယ်ထားသည့်မြို့နယ်များ၌ အရှိန်အဟုန်ဖြင့် လှုပ်ရှားမှုများ ဆောင်ရွက်သွားရန် လိုကြောင်း၊ ပါတီနိုင်ငံရေးဆိုသည်မှာ မိမိတို့ပါတီ၏ မူဝါဒများကို ပြည်သူအများက လက်ခံလာအောင်၊ ပါတီဝင်များဖြစ်လာအောင် လုပ်ဆောင်ခြင်းဖြစ်ပြီး ပါတီနိုင်ငံ ရေးမှတစ်ဆင့် နိုင်ငံ့အရေးကို ဖော်ဆောင် ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့အရေးသည် ပထမ၊ ပါတီအရေးသည် ဒုတိယဖြစ်ပြီး နိုင်ငံနှင့် ပါတီယှဉ်လာပါက နိုင်ငံ့အကျိုးကိုသာ ဦး စားပေးရန်လိုပြီး နိုင်ငံသည်သာလျှင် အဓိက အရေးအကြီးဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် ပါ တီအရေးကို ဆောင်ရွက်သည့်အခါတွင် နိုင်ငံ့အရေးကိုလည်း စဉ်းစားဆောင်ရွက်သည့် အလေ့အကျင့်ကို ဖော်ဆောင်ကျင့်သုံးကြရ မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    အလားတူ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) အပေါ်တွင်သာ ရပ်တည်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် သဘောထားကွဲလွဲမှုများ ရှိမည်ဖြစ်သော်လည်း လိုလားချက်များကို အကြမ်းဖက်သည့် လမ်းစဉ်ဖြင့် လက်နက်ကိုင်၍ တောင်း ဆို၍မရဘဲ ဥပဒေအရသာ တောင်းဆိုရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးနည်းလမ်း အရ ဆောင်ရွက်ခြင်း မပြုဘဲ လက်နက်ကိုင်၍ တောင်းဆိုခြင်းကို တပ်မတော်အနေဖြင့် လုံးဝလက်ခံမည်မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း တပ်မတော်အနေဖြင့် သဘောတူညီ ထားပြီးဖြစ်ပြီး ပြင်ဆင်သင့်သည် ဥပဒေများကို လွှတ်တော်လမ်းကြောင်းပေါ်၌ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မတိုင်မီ ဥပဒေမထုတ်ပြန်နိုင်သေးပါက ပြည်ထောင်စုမှ ဥပဒေကဲ့သို့ အာဏာ တည်သောအမိန့်နှင့် ညွှန်ကြားချက်များထုတ်ပြန်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် လုပ်ဆောင်ပေး၍ရကြောင်း၊ ထိုသို့ဆောင်ရွက်ပေးမည် ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ဖက်ဒရယ်စနစ်အပေါ်တွင် ယုံကြည် မှုပိုမိုရှိလာမည်ဖြစ်ကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။

Total Views ~ 168

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43973

© 2022 - 2025 News. All Rights Reserved.