နိုင်ငံ့ခေါင်းဆောင် ဖြစ်တာကြောင့် နစကဥက္ကဋ္ဌကို ညီလာခံတက်ဖို့ ဖိတ်ကြားခဲ့တာလို့ တရုတ်အစိုးရဆို

နေပြည်တော်၊ နိုဝင်ဘာ ၆
    နိုင်ငံ့ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နစကဥက္ကဋ္ဌကို အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ (GMS) ခေါင်းဆောင်များ ထိပ်သီး အစည်းအဝေးအတွက် ဖိတ်ကြားတာဟာ ပုံမှန် လုပ်ထုံးလုပ်နည်း တစ်ခုဖြစ်တယ်လို့ တရုတ်က ပြောကြားခဲ့ပါတယ်။  
    ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ နိုင်ငံတော်အာဏာကို နစကက ရယူခဲ့တဲ့ နောက်ပိုင်း နစက ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံခရီးစဉ်ကို အခုသီတင်းပတ်မှာ သွားရောက်ခဲ့ပါတယ်။
    တရုတ်အစိုးရဟာ GMS ထိပ်သီး အစည်းအဝေးတက်ရောက်ဖို့အတွက် နစက ဥက္ကဋ္ဌကို ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၅ ရက် တရုတ်အစိုးရရဲ့ ပုံမှန်အစည်းအဝေးမှာ သတင်းထောက်တွေက နစကဥက္ကဋ္ဌရဲ့ တရုတ်ခရီးစဉ်နဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီးမော်နင်းက ဒေသတွင်း နိုင်ငံ့ခေါင်းဆောင်တစ်ဦးကို ထိပ်သီးညီလာခံ တက်ရောက်ဖို့ ဖိတ်ကြားတာဟာ ပုံမှန် လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်တယ်လို့ ဖြေကြားခဲ့ပါတယ်။
    နစကရဲ့ ဦးဆောင်မှုအောက်မှာ မြန်မာဟာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ယန္တရားတွေအတွက် တက်ကြွစွာပါဝင် ဆောင်ရွက်တဲ့၊ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေတယ်လို့ မော်က ပြောပါတယ်။ နစကဥက္ကဋ္ဌရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ အချက်အလက်အသစ်တွေကိုလည်း နောက် ပိုင်းမှာ ထုတ်ပြန်သွားမယ်လို့ မော်က AFP သတင်းထောက်ရဲ့ မေးမြန်းမှုကို တုံ့ပြန်သွား ခဲ့ပါတယ်။
    နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက်တွေမှာ ကျင်းပတဲ့ GMS ထိပ်သီးညီလာခံကို တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ထဲက ကူမင်းမြို့မှာ ကျင်းပခဲ့ပြီး မဲခေါင်မြစ်နဲ့ ဆက်စပ်မှုရှိတဲ့ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာတို့ရဲ့ ခေါင်းဆောင်တွေ၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ရဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ခဲ့ပြီး အိမ်ရှင်နိုင်ငံ တရုတ်ရဲ့ဝန်ကြီးချုပ် လီကျန်းက သဘာပတိ တာဝန်ယူခဲ့ပါတယ်။
    လူဦးရေ သန်းပေါင်း ၃၃၀ လောက် နေထိုင်ရာ မဟာမဲခေါင် ဒေသခွဲဟာ ပြီးခဲ့တဲ့ နှစ်ပိုင်း တွေအတွင်း ရာသီဥတု ဖောက် ပြန်မှုဆိုင်ရာ ပြဿနာလိုမျိုး ပုံမှန်မဟုတ်တဲ့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ကြုံတွေ့လာ နေရပါတယ်။

Total Views ~ 339

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43727

© 2022 - 2025 News. All Rights Reserved.