ရန်ကုန်၊ ဇန်နဝါရီ ၁၅
ဒေသတွင်းနှင့် အာရှအဆင့် ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် နီပေါ ဖိတ်ခေါ်ပြိုင်ပွဲသို့ မြန်မာအမျိုးသမီး ဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ၊ အာရှဖလား အမျိုးသမီးခြေစစ်ပွဲနှင့် (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းစ်ပြိုင်ပွဲ ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး ပြိုင်ပွဲကြိုပြင်ဆင်မှုအဖြစ် ဖိတ်ခေါ်ပြိုင်ပွဲဝင် ရောက်ခြင်းဖြစ်ကြောင်း သိရသည်။
နီပေါနိုင်ငံ ခတ္တမန္ဒုမြို့ရှိ Dasharath ကွင်းတွင် ဖေဖော်ဝါရီ ၁၇ မှ ၂၆ ရက်အထိ ကျင်းပမည့် လေးနိုင်ငံ အမျိုးသမီး ဖိတ်ခေါ်ပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲသို့ အိမ်ရှင် နီပေါအသင်း၊ မြန်မာအသင်း၊ ကာဂျစ္စတန်အသင်း၊ လက်ဘနွန်အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး လေးသင်းပတ်လည်စနစ်ဖြင့် ကစားသွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် လက်ဘနွန်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကာဂျစ္စတန်၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် အိမ်ရှင် နီပေါအသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးနှစ်သင်းသည် ဖေဖော်ဝါရီ ၂၆ ရက်တွင် နောက်ဆုံး ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာ ပြိုင်ပွဲများအတွက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်းကတည်းက စခန်းဝင် လေ့ကျင့်လျက်ပြီး ပြိုင်ပွဲအကြိုပြင်ဆင်မှုအနေဖြင့် နီပေါဖိတ်ခေါ် ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ယုကီတက်ဆုရိုက ကိုင်တွယ်လျက်ရှိပြီး လက်ရှိတွင် ပဏာမ ကစား သမား ၃၂ ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည်။ ထူးမြတ်