နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအတွက် မြေပြင်တွင် လက်တွေ့ကွင်းဆင်းစာရင်းကောက်ယူကြမည့် စာရင်းစစ် စာရင်းကောက်များနှင့် တွေ့ဆုံ

နေပြည်တော်၊ အောက်တိုဘာ ၂
    ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် မြို့နယ်အလိုက် စာရင်းစစ် စာရင်းကောက်အဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊  နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်သန်းခေါင်စာရင်း  ကော်မတီဝင်များနှင့် တာဝန်ရှိသူများ၊ စာရင်းစစ် စာရင်းကောက်များအဖြစ် တာဝန်ထမ်းဆောင်ကြမယ့် ဆရာဆရာမများ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
    ဦးစွာ နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကား ပြောကြားရာတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ ကောက်ယူနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ သန်းခေါင်စာရင်းမှ ရရှိလာသည့် အချက်အလက်များသည် လူဦးရေစုစုပေါင်းကိုသာ ဖော်ပြခြင်းမဟုတ်ဘဲ နိုင်ငံအတွင်းမှာရှိနေသည့် ပြည်သူများ၏ အသက်အပိုင်းအခြားအလိုက်၊ ကျား/မ အလိုက် လူဦးရေကိုရရှိနိုင်သလို လူမှုစီးပွားရေးဆိုင်ရာ ကဏ္ဍအားလုံးနှင့် သက်ဆိုင်သည့် အချက်အလက်များ၊ အိမ်အကြောင်း အရာများကို ရရှိနိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲ ရေးကိစ္စရပ်များကို ကဏ္ဍအလိုက် အချိုးညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒချမှတ်ခြင်းများ၊ စီမံကိန်းရေးဆွဲ အကောင် အထည်ဖော်ခြင်းများ စသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံအဖြစ် အသုံးပြုရသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက် အလက်များကို သန်းခေါင်စာရင်းမှသာ ရရှိနိုင်မှာဖြစ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် သန်းခေါင်စာရင်း ကောက် ယူရန်အတွက် တိုင်းအဆင့်သင်တန်း၊ ခရိုင်အဆင့်သင်တန်းများ၊ မြို့နယ်အဆင့်သင်တန်းများဖြင့် စာရင်းစစ်၊ စာရင်းကောက် ၁၃၃၆ ဦးတို့အား ဆင့်ပွား သင်တန်းများ ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ကြောင်း၊ စာရင်းစစ်/စာရင်းကောက်များအနေဖြင့် သင်တန်းကာလ ပြီးမြောက်ခဲ့ပြီဖြစ်သည့်အတွက် သန်းခေါင် စာရင်း မေးခွန်းတွင်ပါဝင်သည့် အကြောင်း အရာများ၊ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာဗဟုသု တများကို မိမိတို့၏ လုပ်ငန်းအ တွေ့အကြုံများနှင့် ပေါင်းစပ်ပြီး စာရင်းကောက်ယူရာတွင် အချက်အလက်များ မှန်မှန်ကန်ကန်ရရှိအောင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ယခုကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းသည် Mobile Tablet ကို အသုံးပြု၍ CAPI (Computer Assisted Personal Interviews) နည်းပညာဖြင့် ကောက်ယူသွားမှာဖြစ်ကြောင်း၊ စာရင်းစစ်စာရင်းကောက်များ သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် အောင်မြင်အောင် ကောက်ယူကြရမှာ ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းမှ ရရှိလာသည့် အချက်အလက်မှန်ကန်မှသာ  နိုင်ငံ၏ကဏ္ဍအလိုက်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက် နိုင်မှာဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်အနက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေးကို ချိန်ညှိရန်အတွက်လည်း အသုံးဝင်မှာဖြစ်ကြောင်း ပြောကြားသည်။
    ထို့နောက် နေပြည်တော်သန်း ခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စာရင်းစစ် စာရင်းကောက်များအဖြစ် တာဝန်ထမ်းဆောင်ကြမယ့် ဆရာဆရာမများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ ကြောင်းသိရသည်။

Total Views ~ 162

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43743

© 2022 - 2025 News. All Rights Reserved.