ရန်ကုန်၊ စက်တင်ဘာ ၁၇
နေပြည်တော်မြို့အဝင် ရာဇသင်္ဂဟလမ်းမကြီးပေါ်တွင် မြို့အဝင်မုခ်ဦးပုံစံ Conceptual Design ကို ရေးဆွဲရန်အတွက် စိတ်ပါဝင်စားသူများကို မုခ်ဦးပုံစံဒီဇိုင်းရေးဆွဲပေးပို့ရန် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဖိတ်ခေါ်ထားသည်။
မုခ်ဦးဒီဇိုင်းဆိုင်ရာ အချက်အလက်များအဖြစ် မုခ်ဦးအလျား ခန့်မှန်းပေ ၂၀၀ ခန့်၊ အနံ ပေ ၅၀ ခန့်။ (Clear Span ၁၁၈ ပေ)ဖြစ်ပြီး အခြေခံပုံစံအဖြစ် အဆိုပြုနေရာတွင် မုခ်ဦးအဆောက်အအုံသည် လမ်းလယ် ကျွန်းမပါသော လေးလမ်းသွား (8 Lanes)လမ်းအား မိုးထားသည့် ပုံစံအဖြစ် လျာထား ရေးဆွဲရန်နှင့် အခမ်းအနားများ ကျင်းပသည့် အချိန်တွင် ယာဉ်များရှောင် ကွင်းသွားလာရန်အတွက် မုခ်ဦး၏ ဘယ်/ညာတွင် 2 Lanes လမ်းများ လျာထားရေးဆွဲရန်၊ အဓိကလမ်းမကြီးဖြစ်သော လေးလမ်းသွားလမ်းနှင့် ရှောင်ကွင်းလမ်း(2 Lanes လမ်း)ကြားရှိ မြေဧရိယာအား Landscaping Area အဖြစ် ဆောင်ရွက်သွားရန်၊ မုခ်ဦးပုံစံတွင် မြန်မာမှု စုလစ်မွမ်းချွန်ပုံစံ(Classis Design)များ ထည့်သွင်းရေးဆွဲရန်ဟူ၍ အသိပေးထားသည်။
ထို့အပြင် စည်းကမ်းသတ်မှတ် ချက်များအဖြစ် မုခ်ဦးပုံစံရေးဆွဲရန် စိတ်ဝင်စားသူသည် A3 Size ဖြင့် ဒီဇိုင်းပေးပို့ရာတွင် Hard Copy နှစ်စုံနှင့် CD တွင် Jpeg Format(4K) ဖြင့် လူကိုယ်တိုင်ဖြစ်စေ၊ Email ဖြင့် ဖြစ်စေပေးပို့တင်ပြရန်၊ မုခ်ဦးပုံစံရေးဆွဲရာတွင် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဒီဇိုင်းအရေအတွက် အကန့်အသတ်မရှိ ကိုယ်ပိုင်ရေးဆွဲထားသော ဒီဇိုင်းများဖြင့် ပေးပို့နိုင်ကြောင်း သတ်မှတ်ထားသည်။ ယင်းအပြင် ရေးဆွဲပေးပို့လာသော ဒီဇိုင်းကို လိုအပ်ပါက ရေးဆွဲထားသူကိုယ်တိုင် စိတ်ကူးအကြံဉာဏ်များကို ထည့်သွင်း၍ Persentation ပြုလုပ်ရမည်ဖြစ်ပြီး မိမိတို့ကိုယ်တိုင် ရေးဆွဲထားသော ဒီဇိုင်းဖြစ်ကြောင်း ဝန်ခံချက်ပါရှိရမည်ဟူ၍ စည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသည်။
Conceptual Design ရေးဆွဲသူသည် နေပြည်တော်သည် မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်သည့်အားလျော်စွာ မြို့တော်၏ပုံရိပ်ကို ဂုဏ်ယူဝင့်ကြွားစွာဖော်ဆောင်သော ဒီဇိုင်းများဖြင့်သာ ရေးဆွဲရမည်ဖြစ်ပြီး ပေးပို့လာသော မုခ်ဦးပုံစံဒီဇိုင်းများကို စိစစ်ရွေးချယ်ပြီး အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် ရွေးချယ်ခံရသည့် ဒီဇိုင်းများအတွက် ထိုက်သင့်သော ချီးမြှင့်ငွေပေးအပ်သွားမည်ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီက အသိပေးထားသည်။ ရေးဆွဲပြီးသည့် မုခ်ဦးဒီဇိုင်းကို ၃၀-၉-၂၀၂၄ ရက် နောက်ဆုံးထား၍ ရုံးချိန်အတွင်း နေပြည်တော် စည်ပင် သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)သို့ ပေးပို့ရမည်ဟုလည်း အသိပေးထားသည်။ နဒီ